ယင်းမာပင်မြို့တွင် စာရေးဆရာမ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ် စာဖတ်ဝိုင်းကျင်းပ

ယင်းမာပင်     ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ ဇူလိုင် ၂၅ရက်နေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာမ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်စာဖတ်ဝိုင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်က အဖွင့်အမှာစကားပြောကြားရာတွင် စာဖတ်ခြင်းသည် ဦးနှောက်ကို သွေးနေခြင်းဖြစ်ကြောင်း ဦးနှောက်ဟာ အမြဲတမ်းသွေးမှထက်မြက် နေမည် ဖြစ်ကြောင်း ၊ စာမတတ်သူက ထိုင်နေသူနှင့်တူကြောင်း၊ စာဖတ်သူသည် ခရီးသွားနေသူနှင့် တူကြောင်း၊ စာဖတ်ထားသည်များကိုလည်းမှတ်သားပြီး လက်တွေ့ကျင့်သုံးပါက ဘဝတစ်ခုလုံး အကျိုးရှိပြီး ဘဝလမ်း တစ်လျှောက်လမ်းပြပေးနိုင်မည်ကြောင်း၊ ခလုတ်မထိ ဆူးမငြိဘဲ လိုရာခရီးကို ပေါက်ရောက်အောင် လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ ဘဝခရီးကို လျှောက်လှမ်းရာ၌ စိတ်ဓာတ် ခွန်အားကိုလည်းပေးနိုင် ကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ပါသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင် ဒုရဲမှူး ကျော်ဇင်နိုင်က ဦးဆောင်ဆွေးနွေးရာတွင် ဇနီးတစ်ဦးအပေါ်ကြင်နာမှု၊ လူသားချင်စာနာမှု၊ ကိုယ့်ထက် နိမ့်ကျနေသူတွေကို လက်တွဲခေါ်ယူသည့် စိတ်ဓာတ်၊ ကျေးဇူးတရားကိုအောက်မေ့သည့် လေးစားအတူယူဖွယ် သမီးဖြစ်သူ ဂျူရီ၏ သဘောထားကို ပေါ်လွင်အောင်ရေးသားထားပြီး လေးစားအတု ယူသင့်သည့် ဆောင်းပါးကောင်း တစ်ခု ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ဒုရဲအုပ် သက်အောင်စံက မိမိလျှောက်လှမ်းလိုတဲ့ ရည်မှန်းချက်တိုင်းအတွက် ခြေတစ် လှမ်းမှစတင်ပြီး နှစ်လှမ်း၊သုံးလှမ်းနှင့်ရပ်တန့်မနေဘဲ ပန်းတိုင်အထိလျှောက်လှမ်းနိုင်တဲ့ ခြေလှမ်းပိုင် ရှင်များဖြစ်အောင် ဆောင်ရွက်ကြရန်လည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုး သူအဖွဲ့ဝင် ဒေါ်သက်ထားအောင်က ဘယ်လောက်ပင် ကြီးမားသည့်အရာဖြစ်ပါစေ ဇွဲရှိရှိနဲ့ စတင်လုပ် ဆောင်ရန်နှင့် အောင်မြင်မှုအတွက် ခြေတစ်လှမ်းမှ စတင်သင့်ကြောင်း၊ ယခုစာအုပ်သည် အဆိပ်အတောက် ကင်းပြီးလူငယ်၊ လူရွယ်များဖတ်ရှု့သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများကလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်