တမူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

တမူး ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံရာတွင် တမူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သိန်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊  ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများမှ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး အသက်(၁၂) နှစ်အထက် ကိုဗစ်ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့်   ကျောင်းသား/ကျောင်းသူများနှင့် ထပ်ဆောင်းကာကွယ်​​ဆေးထိုးနှံမည့် ကျောင်းသား/ကျောင်းသူ (၁၃၂၆) ဦးတို့အား ကိုဗစ်ရောဂါ ကာကွယ်​ရေးဆိုင်ရာ နည်းလမ်း များနှင့် အညီ ထိုးနှံပေးလျက်ရှိပြီး ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာ အသက် အရွယ်အုပ်စုများအလိုက် မိဘများ၏ သဘောတူညီမှုနှင့်  ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး မထိုးနှံမှီ  ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့၍ ပုံမှန်အနေထားရှိမှသာ ကာကွယ်ဆေး ထိုးနှံခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

တမူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကိုဗစ်ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက်  ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အရိုန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိနေသော အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရတနာ