ဘိုကလေး ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ် ကြိုးဝိုင်း တို့နှင့် ဆက်စပ်ရာ သဘာဝဒီရေတောများသည် ရေချိုရေငံစပ်မိချောင်းများ မျိုးပွားခိုလှုံရာ ဒေသတစ်ခုဖြစ်ပြီး ယခုအချိန်ကာလသည် မိချောင်း များ၏ အသိုက်ပြုလုပ်သော ကာလဖြစ်သောကြောင့် မိချောင်းအန္တရာယ်ကို သတိထားရန် လိုအပ်လှပေ သည်။
ရေချိုရေငံစပ်မိချောင်းများ၏ အလေ့အထအရ ဧပြီလမှ ဇွန်လအထိ မိတ်လိုက်လေ့ရှိပြီး ဇွန်လမှ ဩဂုတ်လအထိ အသိုက်ပြုလေ့ရှိရာ မိတ်လိုက်၊ အသိုက်ပြုလုပ်သည့် အချိန်များ၌ မိချောင်းတို့၏ သဘာဝအမူအကျင့်များကြောင့်လည်းကောင်း၊ မိခင်စိတ်ကြောင့်လည်းကောင်း၊ အစာအာဟာရ ကြောင့်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ၎င်းတို့နေထိုင် မျိုးပွားခိုလှုံရာ မိန်းမလှ ကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ ကဒုံကနိ ကြိုးဝိုင်း၊ ပျဉ်ဒရယ် ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ သဘာဝဒီရေတောများ၌ နေထိုင်သူများအဖို့ မိချောင်းအန္တရာယ်ရှိနေကြောင်းနှင့် တာဝန်ရှိသူ များမှလည်း ၎င်းဒေသများတွင် နေထိုင်သူများအား မိချောင်းအန္တရာယ် အသိပေးလုပ်ငန်းစဉ်များ၊ တားမြစ်ချက်များ ဆောင်ရွက်ထားရှိသည်။
မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ် ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ သဘာဝဒီရေတောများ၌ နေထိုင်သူများ ကလည်း မိမိတို့၏ ဝမ်းရေးအား ဖြေရှင်းဖို့ရာ အတွက် မြစ်ရိုး၊ ချောင်းရိုးများအတွင်း မလွှဲသာမရှောင်သာ ရေလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ရာမှ မိချောင်းများနှင့် ပက်ပင်းတိုး၍ မိချောင်းများ၏ ရန်ပြုခြင်းခံကြရသည်။
ယခုရက်ပိုင်း ဇူလိုင်(၂၇)ရက် နံနက်ပိုင်းတွင်လည်း ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်စု၊ ဘောဂဝတီကျေးရွာနေ ရေလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦး ဘောဂဝတီချောင်းအတွင်း ထောင်ထားသော ပိုက်များပြန်လည်ဖော်ရန်နှင့် ပိုက်ဆွဲရန်လှေဖြင့် သွားရောက်ခဲ့ရာ ဘောဂဝတီမြစ် အတွင်း၌ မိချောင်းဆွဲခံခဲ့ရပြီး သေဆုံးမှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)