ကျိုက်လတ် ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်း က ဖောင်ရိုးဆိပ်ကျေးရွာ၊ အောင်ဇမ္ဗူပြည်လုံးချမ်းသာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူလင်းက ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအကြောင်း၊ လယ်ယာမြေ ဥပဒေပါ ပုဒ်မများ၊ ပုံစံ(၁၁)နှင့် ပုံစံ-(၇) ဆိုင်ရာ အချက်အလက်များ၊ လယ်ယာမြေလုပ်ကိုင်ခွင့်ရရှိသူများမှ လိုက်နာရမည့် စည်းကမ်းများအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ လယ်ယာမြေလုပ်ကိုင်ခွင့်၊ အမည်ပြောင်းလဲ ခြင်းများနှင့် ပတ်သက်၍ သိလိုသည်များအား မေးမြန်း ဆွေးနွေးရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အောက်ဆင်ကူး၊ အထက်ဆင်ကူး၊ အရှေ့ဆင်ကူး၊ ဖောင်ရိုးဆိပ်နှင့် ဝါးကောက်ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)