အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် မြိတ်ခရိုင်ရှိ စက်ရုံလုပ်ငန်းခွင်များအား သွားရောက်စစ်ဆေး၊ အလုပ်သမားရေးရာဥပ‌ဒေ အသိပညာပေးဆွေးနွေးပွဲတက်ရောက်

မြိတ် ဇူလိုင် ၂၈

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်၊  အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကို၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၂၇)ရက် နံနက်ပိုင်းက မြိတ်ခရိုင်ရှိ စက်ရုံများအား ဘေးအန္တရာယ်ကင်းရှင်းပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိစေရန် လုပ်ငန်းခွင်များအား သွားရောက်စစ်ဆေးခဲ့ကြပြီး အလုပ်သမားရေးရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် မြိတ်ခရိုင်ရှိ ဝန်ကြီးဌာနမှ ဝန်ထမ်းများအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် တွေဆုံခဲ့ပြီး လုပ်ငန်းလမ်းညွှန်မှာကြားခဲ့သည်။ ထိုနောက် ဒုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ အဆောင်ကောင်းကုမ္ပဏီ၊ ဗဲင်း(န်)တေ့(ချ်)ကုမ္ပဏီ၊ ထူးထူးတိုးကုမ္ပဏီ စက်ရုံလုပ်ငန်းခွင်များသို့ ရောက်ရှိစစ်‌ဆေးခဲ့ကြရာ ကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းအလိုက် လုပ်သားများဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထိုနောက် စက်ရုံလုပ်ငန်းခွင်များအား ဒုတိယဝန်ကြီးက လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်သားများအား အလုပ်သမားရပိုင်ခွင့်များ မှန်မှန်နှင့်ပြည့်ပြည့်ဝဝ ရရှိမှုရှိမရှိမေးမြန်းခဲ့ပြီး စက်ရုံများမှတာဝန်ရှိသူများ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များအား တွေ့ဆုံ၍ အလုပ်သမားရပိုင်ခွင့်များ မှန်မှန်နှင့်ပြည့်ပြည့်ဝဝရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ လုပ်ငန်းခွင်အေးချမ်း သာယာမှုရှိစေရေး အလုပ်ရှင်နှင့်အလုပ်သမားများ ညှိနှိုင်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။

ထိုမှတဆင့် ဒုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏဒီပါဆေးရုံတွင် ဖွင့်လှစ်ထားရှိသည့် လူမှုဖူလုံရေးအဖွဲ့၏ လူမှုဖူလုံရေး-ဒက္ခိဏဒီပါ အထွေထွေရောဂါကုဆေးခန်းသို့ ရောက်ရှိခဲ့ကြပြီး မြိတ်ခရိုင်လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ   အာမခံအလုပ်သမားများ မကျန်းမမာဖြစ်သည့် အခါဆေးဝါးကုသပေးနေသည့် အခြေအနေများကို တာဝန်ရှိသူကရှင်းလင်းပြောကြားရာ ဒုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုလဲရတနာခန်းမ၌ကျင်းပသည့် အလုပ်သမားရေးရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ဒုဝန်ကြီးဦးဝင်းရှိန် ကအလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာနအဖွဲ့များ၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်မှုအခြေအနေများအား ပြောကြားသည်။ ထိုနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အလုပ်သမားရေးရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲကို စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ တာဝန်ရှိသူများနှင့် အလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာဥပဒေများနှင့် စပ်လျဉ်း၍ အသိအမြင်တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းပြောကြားပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာနရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ခရိုင်တာဝန်ခံများမှ ကဏ္ဍအလိုက် ဥပဒေအကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ မြိတ်ခရိုင်ရှိ စက်ရုံ၊ အလုပ်ရုံများမှပိုင်ရှင်၊ မန်နေဂျာများနှင့် အလုပ်သမားများ စုစုပေါင်း(၂၇၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် ပထော်ပထက် ကျေးရွာရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီသို့ ရောက်ရှိစစ်‌ဆေးခဲ့ကြပြီး စက်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိစေရန် မှာကြားခဲ့ပြီး မြိတ်မြို့ကမ်းနားလမ်းရှိ သဘာဝငှက်သိုက်အိမ်သို့ သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)