ဟားခါး ဇူလိုင် ၂၈
ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူအများစုနေထိုင်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးနောက် ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတမ်အောင်က ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကို ချင်းပြည်နယ် အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ ကျေးရွာ (၄၂) ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၄၆) ခုအား ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် သိန်း (၁၀၀) နှုန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ၄င်းကျေးရွာ (၄၂) ရွာမှ နောက်ထပ်ဖွံ့ဖြိုးရေးလိုအပ်ချက်များဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း (၁၅၂) ခုကို သက်ဆိုင်ရာဌာနများမှ မိမိတို့၏ မူဝါဒနှင့်ကိုက်ညီ သည့်လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထားပေးနိုင်ရေး ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း မိမိတို့ ဌာနအလိုက် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေး ရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး နှင့် ပြည်နယ်စီမံကိန်းဦးစီးဌာနနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)