ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ

ကလိန်အောင် ဇူလိုင် ၂၈

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယမန်နေ့  မွန်းလွဲ (၂) နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စုပေါင်း၍ အာစရိယ ပူဇော်ပွဲ အခမ်းအနား ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက ပူဇော်ကန်တော့ခံ ဆရာမကြီးနှင့် ဆရာ၊ ဆရာ မများကို ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြပြီး  ပူဇော်ကန်တော့ခံ ကျောင်းအုပ် ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ၊ဆရာမများတို့က ဩဝါဒစကားများ အသီးသီး ချီးမြှင့်ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းစီ  ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများအား  လှူဖွယ်ပစ္စည်းများ ပူဇော်ကန်တော့ခဲ့ကြသည်။ အလားတူ ‌ဆရာ၊ ဆရာမများကလည်း ကျောင်းအုပ်ဆရာမကြီးအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြ ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)