ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်ရွယ်ချက်၌ ပြည်သူကိုမျက်နှာမူသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေး လုပ်ငန်းများ အကောင်းအထည်ဖော်ဆောင်ခြင်း၊ ဆောင်ပုဒ်(၃)ရပ်ဖြစ်သည့်၊ ပြန်ကြားပေးရန် (Information)၊ ပညာပေးစည်းရုံးလှုံ့ဆော်ရန် (Education)၊ ဖျော်ဖြေပေးရန် (Entertainment)၊နှင့် လုပ်ငန်းတာဝန်(၁၀)ရပ်တွင်ပါဝင်သည့် ပြည်သူများ အသိပညာ မြင့်မားရေးနှင့်ခရိုင်/မြို့နယ် ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စသည့်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဦးစီးဌာနမှ အထက်ပါလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ၌ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများ စာဖတ်ရှိန်မြင့်မားတိုးတက်လာစေရေးနှင့် အထွေထွေဗဟုသုတများ တိုးပွားလာစေရေးအတွက် စာဖတ်ဝိုင်းများပြုလုပ်ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းစာဖတ်ဝိုင်းတွင် စာရေးဆရာပေါက်ပေါက် ရေးသားထုတ်ဝေသည့် စာနာအလိုက်သိစွာ အတွေးအမြင် အနုပညာခေါင်းစဉ်ပါစာအုပ်မှ ဆောင်းပါးများဖြစ်သည့် စာမေးပွဲကျတာ ရှက်စရာမဟုတ်ပါ၊ ဘယ်တော့မှစိတ်ဓာတ်မကျနဲ့၊ ပန်းကလေးတွေလန်းပါစေ၊ စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ၊ စသည့်ခေါင်းစဉ်ပါဆောင်းပါးများအား စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းစီအလိုက် အလှည့်ကျဖတ်ကြားပြီး အဆိုပါ စာရေးသူရေးသားထားသည့် ဆောင်းပါးပါအကြောင်းအရာများအား အဖွဲ့ဝင်များမှ မိမိတို့၏တွေးခေါ် ထင်မြင်ယူဆချက်များအား အချင်းချင်းပြန်လည် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)