ငဖဲမြို့နယ်၌ မိုးစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုး

ငဖဲ ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မိုးစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြု၍ ဆာပိုးသာမိုးစပါးမျိုးသန့်စိုက်ခင်းအဖြစ် တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အိုးမြေတွင်းကျေးရွာ ကွင်းအမှတ်-၁၀၂၈ ဦးပိုင်အမှတ် ၃၃၈ ရှိ ဇီးတောကျေးရွာနေ တောင်သူ ဦးအုန်းရွှေ၏ လယ်မြေ ၂ ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းက မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးမျိုးစေ့ချစိုက်ပျိုးနည်းသည် လုပ်သားလိုအပ်ချက်နှင့် ရေလိုအပ်ချက်နည်းပြီး လောင်စာဆီသုံးစွဲရန် မလိုအပ်သဖြင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘဲ ကုန်ကျစရိတ်သက်သာသော စီးပွားရေးတွက်ချေ ကိုက်သည့်နည်းစနစ်တစ်ခုဖြစ်ကြောင်း၊ ကျေးရွာများတွင် လယ်ယာလုပ်သားရှားပါးသော အခြေအနေနှင့် ကောက်စိုက်စရိတ်ကြီးမြင့်သည့် အခက်အခဲများကို ကျော်လွှားရန်၊ ဝန်ကျဉ်း၍ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်းစိုက်ပျိုးပြီးစီးနိုင်စေရန်ရည်ရွယ်၍ မျိုးစေ့ချကိရိယာဖြင့် တောင်သူပညာပေးကွင်းသရုပ်ပြ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ Drum Seeder ဖြင့်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် ဆာပိုးသာ မျိုးစပါးအထွက်နှုန်းများကို အသိပညာပေး ရှင်းလင်းပြောကြားသည်။

ထို့နောက် တောင်သူဦးအုန်းရွှေ၏ လယ်မြေ ၂.၀၀ ဧကတွင် မျိုးစေ့ချကိရိယာဖြင့် ဆာပိုးသာမျိုးစပါး တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းကို ဆောင်ရွက်ကြရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးငြိမ်းချမ်းနှင့် ကွင်းဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက မျိုးစေ့ချကိရိယာဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းဆိုင်ရာနှင့် သက်လတ်စပါးမျိုးများ၏ အရည်အချင်းလက္ခဏာများဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် (၉၀၅၈)ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်နေပြီး ယနေ့ထိ မိုးစပါး(၅၈၂)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မယု(ငဖဲ)