မင်းဘူး(စကု)မြို့နယ်၌ ပဲတီစိမ်း ၁၂၈၄၉ ဧက စိုက်ပျိုးအောင်မြင်

မင်းဘူး  ဇူလိုင်  ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ် မိုး ပဲတီစိမ်းသီးနှံ ၁၂၈၄၉ ဧက  စိုက်ပျိုး၍ အောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်တွင် ပဲတီစိမ်း သီးနံများကို ရေပုတ်၊ ဇရပ်ကြီး၊ မန်းကျိုး၊ နိဗ္ဗာန်ကျွန်း၊ ပဒေသာကျွန်း၊ ငွေသောင်၊ သီးကုန်း၊ မုန်တောင်၊ ချောင်းဖြူ၊ ဆင်ခေါင်း၊ ရွာသယာ ကျေးရွာများတွင် စိုက်ပျိုး၍ စုစုပေါင်း စိုက်ဧက ၁၂၈၄၉ ဧက စိုက်ပျိုးပြီးဖြစ်သည်။

ပဲတီစိမ်း စိုက်ပျိုးရာတွင် သီးနှံများအောင်မြင် ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းပြီး နည်းပညာများကို စနစ်တကျပြသကာ ပက်ကြဲ စိုက်ပျိုးခြင်းနှင့် အတန်းလိုက် စိုက်ပျိုးခြင်း၏ ကွဲပြားပုံများကိုလည်း ရှင်းလင်းပြသ ပေးခဲ့ကြသည်။ အတန်းလိုက် စိုက်ပျိုးပါက အပင်များ လေဝင်လေထွက် ကောင်းမွန်ပြီး အပင်ဖြစ်ထွန်းမှု မြန်ဆန်ကာ အထွက်နှုန်းကောင်း၍ အပင်များ ရှုပ်ထွေးမှုမရှိသည့်အတွက် ပိုးကျရောက်မှုလည်းနည်းကြောင်း၊ သို့သော် ပဲတီစိမ်းစိုက်ပျိုးရာတွင် မြေအမျိုးအစားနှင့် အစိုဓာတ် ရရှိမှုအပေါ် မူတည်ပြီး အထွက်နှုန်းများ ကွဲပြားကာ တစ်ဧကလျှင် ၁၅ တင်းမှ တင်း ၃၀ အထိ၊ အမျိုးမျိုး ထွက်ရှိကြောင်း၊ မင်းဘူးမြို့၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လ/ထဦးစီးမှူး ဦးဇော်မင်းသူက ပြောသည်။

ဇေယျာထက်(မင်းဘူး)