မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အထိ  ဧကပေါင်း ၁၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး

မင်းဘူး ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ စိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေအထိ ဧကပေါင်း ၁၈၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးနာမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆည်ရေသောက် ဧရိယာနှင့် မိုးကောင်းသောက် ဧရိယာများတွင် ရေရရှိရေးနည်းလမ်း(၆)ခုဖြင့် မိုးစပါးကို ကြဲခင်းစိုက် (အစို/အခြောက်)၊ တိုက်ရိုက်စိုက် (အစို/အခြောက်)၊ SRI ၊ Seeder ၊ ဘောင်စိုက်၊ ပျိုးစိုက် စသည့် စိုက်စနစ် နည်းလမ်းမျိုးစုံအသုံးပြု၍ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခနှင့် ရတနာတိုး စသည့် စပါးမျိုးများကို အများဆုံးရွေးချယ် စိုက်ပျိုးကြောင်း သိရသည်။

ဒေသတွင်းရှိ စပါးစိုက်တောင်သူများ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုးရေးသွင်းအားစု ကုန်ကျစရိတ် သက်သာစေရန်နှင့် လုပ်သားရှားပါမှု အခက်အခဲ များကို ဖြေရှင်းဆောင်ရွက်နိုင်စေရန် စပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် တောင်သူ ပညာပေး ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သီးနှံစိုက်ပျိုးချိန်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေးတို့အတွက် သီးနှံ စိုက်တောင်သူများနှင့်အတူ ပူးပေါင်းပြီး သွင်းအားစုနှင့် စိုက်ပျိုးနည်းပညာများကို စိုက်ပျိုးရေး ကွင်းဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း   မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

မြို့နယ်အတွင်း၌ ကျေးရွားအုပ်စု (၁၁)အုပ်စုရှိ ဆည်ရေသောက် ဧရိယာများတွင် တောင်သူ အစုအဖွဲ့ (၇)ဖွဲ့အပြင် တစ်ဦးချင်း တောင်သူ (၁၇)ဦးတို့ဖြင့် ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း၊ ဆာဖိုးသာနှင့် GW 11 စပါမျိုုးများကို စပါးမျိုးစေ့ထုတ်လုပ်ငန်းအဖြစ် ၅၀၆ ဧက စိုက်ပျိုး ဆောင်ရွက် ထားကြောင်း၊ ထို့အပြင် ဌာနအစီအစဉ်ဖြင့် RS to CS မျိုးသန့်မျိုးစေ့ ထုတ်စိုက်ခင်းများအဖြစ် ရတနာတိုး ၆ ဧက၊ ဆင်းသုခ ၁၀ ဧကအပြင် RS to CS မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း ဧရိယာ ဧက ၅၀ ကို ဆောင်ရွက်ထားရှိပြီး မျိုးစေ့နှင့် စိုက်ပျိုးရေးသွင်း အားစု လုပ်ငန်းများကို ပံ့ပိုးကူညီ ပေးထားကြောင်း၎င်းက ရှင်းပြသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးစနစ် နည်းလမ်းမျိုးစုံ အသုံးပြု၍ မိုးစပါးကို ဧကပေါင်း ၄၀၇၆၀ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်နေပြီး၊ ယနေ့အထိ တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် ၁၁၁၆၁ ဧကနှင့် ပျိုးထောင်စိုက် ဧက ၇၃၆၂ ဧက၊ စုစုပေါင်း ၁၈၅၂၃ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)