နတ်မောက် ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပ/လက်ခုပ်ပင်ကျေးရွာအုပ်စုနှင့် ဂွေးချိုကျေးရွာအုပ်စုတို့၌ မိုးစပါးတစ်ဧက တင်း ၁၀၀ ထွက်ရှိရေးအတွက် ကွင်းဆင်းအသိပညာပေးခြင်းလုပ်ငန်းနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံက သိရသည်။
နတ်မောက်မြို့နယ်တွင် မိုးစပါးများ တစ်ဧကအထွက်နှုန်းတိုးတက်စေရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် ပျိုးပင်များကို ပျိုးထောင်ခြင်း၊ ဆက်တိုက်ပင်ပွားများ များထွက်စေရန် ပျိုးပင်ကို ၁လက်မခွဲအနက် ထက် လုံးဝမပိုအောင် အထူးဂရုပြုစိုက်ပျိုးခြင်း၊ ပျိုးပင်ပွားသုံးပင်မှ ငါးပင်ရရှိချိန် ပျိုးသက်ရက် ၂၀ အတွင်း ပျိုးပင်ကို ညင်သာစွာနုတ်ပြီး ချက်ချင်းနုတ် ချက်ချင်းစိုက်ခင်းထဲသို့ ပြောင်းရွေ့ကာ ၁၀ တန်း တစ်တန်းလှပ်၍ စိုက်ပျိုးခြင်း အစရှိသည့် အချက် ၁၄ ချက်ကို တောင်သူများ လိုက်နာကျင့်သုံးခြင်းအားဖြင့် တစ်ဧက တင်း ၁၀၀ ထွက်ရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက ဆွေးနွေးပြောကြားခဲ့သည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ဧကများ၌ တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး စံပြကွက်များ ဆောင်ရွက်သွားမည်ဖြစ်ပြီး အထွက်ကောင်းမျိုးသုံးစွဲနိုင်ရေးအတွက် ဆင်းသုခ မျိုးသန့်မျိုးပွား၊ မျိုးစေ့များကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေဆွေးနွေးခြင်းနှင့် မိုးစပါးစံကွက် စမ်းသပ်ကွက် မျိုးစေ့ထုတ်တောင်သူများသို့ မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မူမူစန်း