ဘိုကလေး ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်စု၊ ဘောဂဝတီကျေးရွာနေ ရေလုပ်ငန်းလုပ်ကိုင်သူ ကိုရဲနိုင် (၃၅)နှစ်သည် ယမန်နေ့ နံနက်ပိုင်း၌ ယမန်နေ့က ဘောဂဝတီချောင်းအတွင်း ထောင်ထားသော ပိုက်များ ပြန်လည်ဖော်ရန်နှင့် ပိုက်ဆွဲရန် လှေဖြင့် သွားရောက်ခဲ့ရာ ဘောဂဝတီမြစ်အတွင်း၌ မိချောင်းဆွဲခံခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် မိချောင်းဆွဲခံရသူ ကိုရဲနိုင်၏ ရုပ်အလောင်းအား ကျေးရွာတာဝန်ရှိသူများနှင့် ဒေသခံရေလုပ်သားများမှ ချောင်းရိုးတစ်လျှောက် ရှာဖွေလျက်ရှိပြီး ရုပ်အလောင်းအား တွေ့ရှိပါက တာဝန်ရှိသူများမှ ဆေးရုံသို့ ရဲဆေးစာပေးပို့ပြီး သေမှုသေခင်းရေးဖွင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဘိုကလေးမြို့နယ် မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ် ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ သဘာဝဒီရေတော များသည် ရေချိုရေငံစပ်မိချောင်းများ မျိုးပွားခိုလှုံရာ ဒေသတစ်ခုဖြစ်ပြီး ယခုအချိန်ကာလသည် မိချောင်းများ၏ အသိုက်ပြုလုပ်သော ကာလဖြစ် သောကြောင့် မိချောင်းအန္တရာယ်ကို သတိထားရန် လိုအပ်လှပေသည်။
မိုးစက်(ဘိုကလေး)