ပေါင်းတည် ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူစည်ကားရာ ဘုရားကြီးလမ်း၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုတို့ဖြင့် ယနေ့နံနက်ပိုင်းက ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများ၏ အခြေခံစားသုံးကုန်များကို သက်သာသောစျေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ရောင်းချပေးရာ၌ ရတနာတိုးဆန်ကို တစ်ပြည် ၂၅၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီ ၅၀ ကျပ်သားလျှင် ၂၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကြက်ရင်ပုံသား ၁၀ ကျပ်သားကို ၁၂၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကြက်ပေါင် ၁၀ ကျပ်သားကို ၉၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဝက်သား ၁၀ ကျပ်သားလျှင် ၁၃၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ အမဲသား ၁၀ ကျပ်သားလျှင် ၁၂၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဆိတ်သား ၁၀ ကျပ်သားလျှင်၂၂၀၀ ကျပ်ဖြင့်လည်းကောင်း၊ ငါးကြင်းငါး ၁၀ ကျပ်သားလျှင် ၇၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကြက်ဥအလုံးကြီး ၁ လုံးလျှင် ၂၅၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးခဲ့ကြပြီး အလားတူ ပဲတောင့်ရှည်၊ ကန်စွန်းရွက်၊ ဗူးညွန့်၊ ချဉ်ပေါင်ရွက်နှင့်သံပုရာသီး၊ ခရမ်းသီးများကိုလည်း သက်သာသောနှုန်းထားများဖြင့် အသီးသီးရောင်းချပေးခဲ့ရာ ဝင်ငွေနည်း ပြည်သူအများစု လာရောက်ဝယ်ယူကြကြောင်း သိရသည်။
အဆိုပါ စားသုံးကုန်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနများမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ရောင်းချပေးခဲ့ရာ ယနေ့တွင်အဓိက စားသုံးကုန်ဖြစ်သည့် ဆန် ၆ အိတ်၊ ဆီ ၅၀ ပိဿာနှင့် ကြက်ဥအလုံး ၅၀၀ ကို ရောင်းချခဲ့ရကြောင်းသိရပြီး နောက်တစ်ပတ် သောကြာနေ့တွင်လည်း ဆက်လက်ရောင်းချပေးသွားမည်ဟုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိသည်။
သူရကြီး (ပြန်/ဆက်)