နွေစပါးဈေးနှုန်းကောင်းမွန်သည့်အတွက် စပါးစိုက်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိ

ပေါက်ခေါင်း       ဇူလိုင်      ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ဒေသခံတောင်သူများစိုက်ပျိုးထားသည့် နွေစပါးသီးနှံများအောင်မြင်ဖြစ်ထွန်းပြီး ရိတ်သိမ်းရောင်းချချိန်တွင် ဈေးကောင်းရရှိသဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်းနှင့် ယခုနှစ်နွေစပါးသီးနှံမှာ သတ်မှတ်လျာထားဧကထက်ကျော်လွန်စိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရန်လျာထားဧကမှာ  ၁၁၄၁၂   ဧကဖြစ်ပြီး စိုက်ပျိုးချိန်တွင် ၁၁၅၂၂ ဧကအထိ စိုက်ပျိုးခဲ့ရာ လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။ ဒေသခံတောင်သူများအတွက် တစ်ဧကအထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သီးနှံများပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အထွက်နှုန်းကောင်းသည့်စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို စနစ်တကျလိုက်နာဆောင်ရွက်ကြဖို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တွန်းအားပေးဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေဖူလုံစွာရရှိသည့်အပြင်  တစ်ဧကအထွက်နှုန်းလည်းတိုးတက်ခဲ့ကြောင်း ရိတ်သိမ်းရောင်းချချိန်တွင် စပါးတင်း ၁၀၀ လျှင်ငွေကျပ် ၁၄ သိန်းကျော်အထိ ရရှိခဲ့ကြောင်း၊ သွင်းအားစုဈေးနှုန်းတွေ ငှားရမ်းအသုံးပြုခတွေ ဈေးနှုန်းတွေမြင့်တက်ပေမယ့် စပါးဈေးနှုန်းကောင်းရသဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း ဒေသခံနွေစပါးစိုက်တောင်သူထံမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)