အ.ထ.က(၁) ပန်းတနော်၌ ၂၀၁၉-၂၀၂၀ပညာ သင်နှစ် ဆုချီးမြှင့် ခြင်းနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်း

ပန်းတနော်  ဇန်နဝါရီ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၁၉−၂၀၂၀ ပညာသင်နှစ် ဆုချီးမြှင့်ခြင်းနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မြသီတာဆောင်ရှေ့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုကာ စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က  အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒုမြို့နယ်ပညာရေးမှူး ဦးဌေးဝင်းက ယနေ့ခေတ်ပညာရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ပညာရေးစုံညီပွဲတော်၊ ဆုချီးမြှင့်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး  ၂၀၁၉-၂၀၂၀  ပညာသင်နှစ် ထူးချွန်သူများနှင့် အားကစားထူးချွန်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကာ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ကျောင်းအုပ်ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးချမ်းအောင်(ပန်းတနော်)