ကံမမြို့နယ် အစိုးရဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ကံမ ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ အစည်းအဝေးခန်းမ၌ ကံမမြို့နယ် အစိုးရဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်  နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ရာ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကနှင့် အမှုဆောင်များ၊ အစိုးရဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ဥက္ကနှင့်အမှုဆောင်များ အသင်းသူအသင်းသားများ တက်ရောက်ခဲ့ ကြသည်။

အဆိုပါ အစည်းအဝေးတွင် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသူဆန်းနှင့် ကံမမြို့နယ် အစိုးရဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်ဥက္က ဦးအောင်ဆန်းတို့က အသင်း၏ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းနှင့် ကံမမြို့နယ်၌ အောင်မြင်မှုအမြင့်ဆုံး အသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး အမှာစကားများ ပြောကြားပြီးနောက် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အသင်းဝင်များ၏ သားသမီးများအား ဂုဏ်ပြုဆုငွေ များကို တာဝန်ရှိသူ အသီးသီးက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကံမမြို့နယ် အစိုးရဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်အား (၁၉၆၂) ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အချိန်အထိ သက်တမ်း (၆၁)နှစ် ပြည့်မြောက်၍ အသင်းသား ဦးရေ (၅၁၈) ဦးဖြင့် မတည်ရင်းနှီးငွေကျပ်(၁၁၆၈)သိန်း ရှိကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသားတင် အမြတ်ငွေ ကျပ်(၁၉)သိန်းကျော်နှင့်    အသင်းသားများသို့ စုဆောင်းငွေအပေါ် ပြန်အမ်းငွေ (အစုပေါ်အမြတ်) ကျပ်(၆၆)သိန်း ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)