နွေစပါးဈေးနှုန်းကောင်းမွန်သည့်အတွက် စပါးစိုက်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိ

ပေါက်ခေါင်း ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် နွေစပါးသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ရိတ်သိမ်းရောင်းချချိန်တွင် ဈေးကောင်းရရှိသဖြင့် အကျိုးအမြတ် ပိုမိုရရှိကြောင်းနှင့်ယခုနှစ်နွေစပါးသီးနှံမှာ သတ်မှတ်လျာထား ဧကထက် ကျော်လွန်စိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရန် လျာထားဧကမှာ  ၁၁၄၁၂ ဧကဖြစ်ပြီး၊ စိုက်ပျိုးချိန်တွင် ၁၁၅၂၂ဧကအထိစိုက်ပျိုးခဲ့ရာ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။ ဒေသခံတောင်သူများအတွက် တစ်ဧကအထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သီးနှံများပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အထွက်နှုန်းကောင်းသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြဖို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တွန်းအားပေးဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေဖူလုံစွာ ရရှိသည့်အပြင် တစ်ဧကအထွက်နှုန်းလည်း တိုးတက်ခဲ့ကြောင်း ရိတ်သိမ်းရောင်းချချိန်တွင် စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၄ သိန်းကျော်အထိ ရရှိခဲ့ကြောင်း၊ သွင်းအားစုဈေးနှုန်းတွေ၊ ငှားရမ်းအသုံးပြုခတွေ ဈေးနှုန်းတွေ မြင့်တက်ပေမယ့် စပါးဈေးနှုန်းကောင်းရသဖြင့် အကျိုးအမြတ် ပိုမိုရရှိကြောင်း ဒေသခံနွေစပါး စိုက်တောင်သူထံမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)