ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး(ဂိုးလတ်)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျွန်းစု ဇူလိုင် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး(ဂိုးလတ်)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲကို အ.ထ.က(ကျွန်းစု)အသင်းနှင့် အ.ထ.က(ကဘင်းချောင်း)အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများက လာရောက်ကြည့်ရှူအားပေးခဲ့ကြပြီး အ.ထ.က ကဘင်းချောင်းအသင်းမှ (၁-၀) ဂိုး ပါနယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်းများမှ နေရာအလိုက် အကောင်းဆုံးကစားသမားဆုများ၊ တတိယ ရရှိသော အ.ထ.က ကတန် အသင်း၊ ဒုတိယ ရရှိသော အ.ထ.က ကျွန်းစုအသင်းနှင့် အ.ထ.က ကဘင်းချောင်း အသင်းတို့အား လည်ဆွဲဆုနှင့် ငွေသားဆုများကို ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက ပထမဆု ရရှိသော အသင်းအား တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)