မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် ဆိုလာစနစ် မြေအောက်ရေရရှိရေး လုပ်ငန်း(၂)ခု ဆောင်ရွက်

မင်းဘူး ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စီးပွားရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေဖြင့် ဆိုလာစနစ် မြေအောက်ရေရရှိရေး လုပ်ငန်းနှစ်ခုကို ကဒီးကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကဒီးကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဖော်ဆောင်ပေးထားသော ကွင်းအမှတ် ၁၁၉၅ တွင် စိုက်ဧရိယာ ဧကပေါင်း (၇၄၈)ဧကရှိပြီး တောင်သူပေါင်း ၇၀ ဦးခန့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ မြောင်းဖျားဧရိယာများဖြစ်၍ သီနှံရေလိုအပ်ချိန်တွင် ရေကိုလိုအပ်သလို သွင်းယူနိုင်ရန် တောင်သူ ဦးဇော်ခိုင်ဦးနှင့် ဦးညွန့်ဝင်းတို့၏ လယ်မြေအတွင်း၌ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊‌ မြေအောက်ရေတွင်းကို 550 W ဆိုလာလေးချပ် တပ်ဆင်ပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမှ လျှပ်စစ်မီး 2.2 KW ထွက်ရှိကာ မြင်းကောင်ရေ 2 hp မော်တာအသုံးပြု၍ စိုက်ပျိုးရေရရှိအောင် ကူညီတပ်ဆင်ပေးထားကြောင်း၊ မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေးအရင်းမြစ်)မှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက ရှင်းပြသည်။

အဆိုပါ တောင်သူနှစ်ဦးအား နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဦးလျှင် ချေးငွေ ၅,၆၂၅,၀၀၀ ကျပ်နှုန်း ထုတ်ချေးပေးခဲ့ပြီး ချေးငွေကို ၆ လ တစ်ကြိမ် သတ်မှတ်ထားသော အတိုးနှင့် အရင်းကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကာ ချေးငွေကာလကို တစ်နှစ် သတ်မှတ်ပေးထားကြောင်း သိရသည်။

“အခုဆိုလာနဲ့ ရေတွင်းတူးတာက ရေတွင်းတူးခရယ်၊ ပစ္စည်ဖိုးရယ် အပြီးစီးကို သိန်း ၈၀ ခန့် ကုန်ကျပါတယ်။ ဆိုလာနဲ့ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်လိုက်တော့ မီးပျက်မှာ ဆည်ရေမရမှာ မပူရတော့ဘူ။ ရေရှိနေတော့ ကိုယ်စိုက်ချင်တဲ့ သီးနှံကို အချိန်မရွေး စိုက်လို့ ရတာပေါ့။ ပုံမှန်ကတော့ ဒီကွင်းအားလုံးက မိုးစပါး၊ ကုလားပဲနဲ့ နွေနှမ်းကို အများဆုံး စိုက်ပျိုးတာပါ။ အခုထွက်ရှိတဲ့ရေက လယ် ၁၂ ဧကကို ကောင်းကောင်းစိုက်လို့ရပြီးတော့ ဖြည့်စွက်ရေဆိုရင် ဧက ၂၀ အထိ ပေးဝေနိုင်ပါတယ်။ ဒါကြောင့်မို့ ကျန်တဲ့တောင်သူတွေကိုလည်း အခုလိုဆောင်ရွက်လို့ရအောင် ချေးငွေကို ထပ်မံပြီးတော့ ထုတ်ချေးပေးစေလိုပါတယ်”ဟု ကဒီးကျေးရွာ တောင်သူ ကိုဇော်ခိုင်ဦးက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ၁၆၃ ဒဿမ ၂၅ ကျပ်သန်း၊ မွေးမြူရေးကဏ္ဍတွင် ၈၃ ဒဿမ ၁၀ ကျပ်သန်းနှင့် MSMEs ကဏ္ဍတွင် ၁၀၀ ကျပ်သန်း၊ စုစုပေါင်းချေးငွေ ၃၄၆ ဒဿမ ၃၅ ကျပ်သန်း တိတိကို သက်သာသော အတိုးနှုန်းထားဖြင့် ထုတ်ချေးပေးထားကြောင်း မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)