မင်းဘူး ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံလူတန်စား အိမ်ထောင်စုဝင်များ စားဝတ်နေရေးအဆင်ပြေစေရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့ နံနက်ပိုင်းက မင်းဘူးမြို့ မြို့မဈေးကြီးအနီး ကုလားကုန်းအတက် လူစည်ကားရာနေရာတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ် ရောင်းဝယ်သူများ၏ တန်ဖိုးသင့် တိုက်ရိုက် အရောင်းဆိုင်များမှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ ကုလားပဲ ပဲသီး၊ ခဝဲသီး၊ ဘူးရွက်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုန်းပတီသီးစသည့် ဟင်းသီးဟင်းရွက် စားသောက်ကုန်များကို ပြင်ပ ပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ပြီး၊ ဆန်တစ်ပြီ ၃၀၀၀ ကျပ်၊ ဆီတစ်ပိဿာ ၆၅၀၀ ကျပ်၊ ကုလားပဲတစ်ဗူး ၈၀၀ ကျပ်နှင့် အခြား ဟင်းသီးဟင်းရွက်များလည်း ပြင်ပပေါက်ဈေးထက် ချိုသာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သလို ကြာသာပတေး (သို့) သောကြာ ရက်များတွင် တစ်ပတ်တစ်ခါ ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇေယျာထက်(မင်းဘူး)