လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုသိမ် ဇူလိုင် ၂၈

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing  စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က "မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံအထွက်နှုန်းကို ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး တစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အထွက်နှုန်းတိုးတက်စေရေးအတွက် မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ခြင်း၊ သုတေသနပြု လုပ်ငန်းများဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်းနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးလျက်ရှိပါကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမည့်နှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ စိုက်ဧကအားလုံး ပိုက်ဆံလျှော်ထည့်သွင်း စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ဖြစ်သည့် နေကြာ၊ နှမ်း၊ မြေပဲ သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ပီလောပီနံ၊ ငရုတ်ကောင်းနှင့် ကော်ဖီ သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ စွမ်းအားပြည့်စိုက်ပျိုးနိုင် ရေးအတွက် စိုက်ပျိုးမြေများအားလုံး သီးထပ်စွမ်းအား ပြည့်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပြီး ပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် အားလုံးတက်ညီလက်ညီ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရေငံဝင်ရောက်သည့် ဒေသများတွင် စပါးတစ်သီးတည်း စိုက်ပျိုးခြင်းထက် ပိုမိုအကျိုးရှိနိုင်မည့် ရေငန် ငါး၊ ပုစွန် မွေးမြူရေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို စိစစ်တင်ပြရန်နှင့် စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေးထုတ်ကုန် များကိုလည်း တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပေါ် အခြေခံသည့် ထုတ်ကုန်ပစ္စည်း များအား တန်ဖိုးမြှင့်ကုန်ပစ္စည်းများအဖြစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများကို အားပေး သည့်လုပ်ငန်းများ ဆောင်ရွက်ရန်၊ တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မြေပြင်အရောက် ကွင်းဆင်းစစ်ဆေးရန်" အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက ၂၀၂၂-၂၀၂၃ ခုနှစ် ရိုးပြတ်ကျန်ဧရိယာ များအပေါ် နှစ်အလိုက်ဖော်ထုတ်မည့် အခြေအနေနှင့် စပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ဆောင်ရွက်မည့် အစီအမံများ၊ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက ငရုတ်ကောင်း တိုးချဲ့စိုက်ပျိုးနိုင်မည့် အခြေအနေများ၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူးက ရေငန် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်မည့် အခြေ အနေများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီစီးမှု အခြေအနေများအား ဆွေးနွေးတင်ပြ ခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)