ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ဒွါဒသမအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပုသိမ်   ဇူလိုင်  ၂၈

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူး၍ ဒွါဒသမအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား  “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါ စရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက် တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူ သော ပရိတ်တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ လှူဖွယ်ဝတ္ထု ပစ္စည်းများအားလည်းကောင်း၊  တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက သီလရှင်ဆရာ ကြီးသုံးပါးနှင့် တိုင်းမှူး၏ဇနီးက သီလရှင်ဆရာကြီးနှစ်ပါးတို့အား သီလရှင်ဝတ်စုံ၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍  တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်  ဧည့်ပရိတ်သတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာ ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။

ဒွါဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၏ စုပေါင်းလှူဒါန်းမှုဖြင့်  ပုသိမ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်(၂၀၀)တွင် ဝါဆို ဝါကပ်တော်မူကြမည့် သံဃာတော် (၁၁၈၈)ပါးအတွက် ဝါဆိုသင်္ကန်း(၁၁၈၈)စုံ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ပုသိမ်မြို့ပေါ် စာသင်တိုက်ရှိ သီလရှင် ဆရာကြီး၊ ဆရာလေး(၄၅)ပါးအတွက် သီလရှင်ဝတ်စုံ(၄၅)စုံ၊ ဆွမ်းဆန်တော်နှင့်ဆီများ စုစုပေါင်း ဆွမ်းဆန်တော်(၂၀၁)အိတ်၊ ဆီ(၁၀၀၅)ပိဿာ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)