ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ခြင်းများဆောင်ရွက်

ကန့်ဘလူ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ဆက်လက်ကာကွယ် ထိန်းချုပ်နိုင်ရေးတို့အတွက် တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ယနေ့ နံနက်ပိုင်းက စည်ပင်သာယာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများ လွယ်ကူအဆင်ပြေစေရေးတို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြ ပြီး ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးရမည့် အကြိမ်ရေအလိုက် စနစ်တကျထိုးနှံပေးသည်။

ထို့ပြင် အဆိုပါခန်းမ၌  ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ လာရောက်ပြသသူ ပြည်သူများအား  အခမဲ့ကျန်းမာရေး စမ်းသပ်စစ်ဆေး ကုသပေး ခြင်းများကိုလည်း ရောဂါဝေဒနာရှင်များအလိုက် ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးနှင့် အညီ နေထိုင်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း  သိရ သည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)