ဘားအံ ဇူလိုင် ၂၈
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဓမ္မစက္ကပဝတ္တနသုတ်(အလွတ်)အကောင်းဆုံး ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒနှင့် အမိတာရာမရဲကျောင်းဆရာတော် ဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဂုဏာလင်္ကာရတို့ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝတ်ရွတ်အသင်းအဖွဲ့များက နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး သံဃာတော်အရှင်သူ မြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာန္ဒထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဓမ္မစက္ကပဝတ္တနသုတ် (အလွတ်)အကောင်းဆုံး ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ဝတ်ရွတ်အသင်း ၁၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြ ကာ သေဋ္ဌမာရ်အောင်ဘုရားကြီးဝင်းရှိ အတုလသာသနိကဗိမာန်တော်၌ ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၁ ရက် နေ့ထိ အလှည့်ကျရွတ်ဆိုပူဇော်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရန် ကျန်ရှိသည့် ကျေးရွာများအား (၄)လအတွင်း အပြီးစာရင်းကောက်ယူရန်ဖြစ်ပြီး သွားလာရန်မလွယ်ကူ သော ဝေးလံခက်ခဲသည့်ဒေသများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တပ်မတော်စစ်ကြောင်းများနှင့်ချိတ်ဆက်၍ စာရင်းကောက်ယူနိုင်ရေးဆောင်ရွက်ကြစေလိုကြောင်း၊ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းရာတွင်လည်း မြေပြင်စာရင်းကောက်ယူရေးအား တစ်ပါတည်းဆောင်ရွက်သွားကြစေလိုကြောင်း၊ မြေပြင်စာရင်းကောက်ယူခြင်း လုပ်ငန်း အပြီးသတ် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ အတတ်နိုင်ဆုံး ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က နယ်မြေအခြေအနေအရ မြေပြင်ကွင်းဆင်းစာရင်းကောက် ယူနိုင်ခြင်းမရှိသော ရပ်ကွက်၊ကျေးရွာအုပ်စုများတွင် အခြားနည်းလမ်းဖြင့် ဆောင်ရွက်ပြီးစီးမှု၊ မြို့နယ်များအလိုက် တစ်အိမ်တက်ဆင်းစာရင်းကောက်ယူခြင်းတိုးတက်မှုအခြေအနေ၊ မသန်စွမ်းစာရင်းကောက်ယူပြီးစီးမှု အခြေအနေ၊ ဖြေရှင်းဆောင်ရွက်ရန်ကျန်ရှိသည့် စာရင်းများကို ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးမောင်မောင်နိုင်က ရွေးကောက်ပွဲကျင်းပရန် ဆန္ဒမဲပေးမှုသရုပ်ပြပွဲများဆောင်ရွက်နိုင်ရေး ရှင်းလင်းတင်ပြကာ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး၊ မြဝတီ၊ သံတောင်ကြီး၊ ဖာပွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာ မြို့နယ်များအတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် မြေပြင် တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူပြီးစီးမှု၊ တိုးတက်မှုနှင့် ကောက်ယူရန်ကျန်ရှိသည့်အခြေအနေ အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)