သွင်းကုန်အစားထိုး သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၂၇

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လေ့ကျင့်ပျိုး ထောင်ရေးစင်တာ၌ ယနေ့နံနက်ပိုင်းက သွင်းကုန်အစားထိုး သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက် ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝမြှင့်တင်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွား ရရှိလာစေရေး၊ တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ဆောင်ရွက်လာနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေါ်ပေါက်လာစေရေး ရှေးရှု၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပြီး ယခုလည်း သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် နည်းပညာများသည် အလွယ်တကူ လုပ်ငန်းထူထောင်နိုင်သည့် ပညာရပ်များဖြစ်တာကြောင့် မိမိတို့၏မိသားစုဝင်များနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်မှာ ဖြစ်ကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းထူထောင် လုပ်ကိုင်သူများကိုလည်း မိမိတို့အစိုးရအဖွဲ့မှ ဆက်လက် ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ အသေးစားလုပ်ငန်းငယ်များ ပေါများစွာ ပေါ်ပေါက်လာစေရေးနှင့် ဘေးဥပါဒ်ကင်းသော ထုတ်ကုန်ပစ္စည်းများ ဖြစ်ပေါ်လာစေရေး အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေနှင့်အညီ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သွင်းကုန် အစားထိုး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချလာ နိုင်မှာဖြစ်သည့်အတွက် မိသားစုဝင်ငွေတိုးပွားရရှိလာမှာဖြစ်သလို တိုင်းပြည်အတွက်လည်း စားသောက်ကုန်ပစ္စည်းများ ကို ပြည်ပမှမှာယူတင်သွင်းရခြင်း ကင်းဝေးပြီး နိုင်ငံခြားသုံးငွေကိုလည်း လျှော့ချပြီးသားဖြစ်သည့်အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) ရှင်သန်ဖွံ့ဖြိုး ရေးကိုလည်း အထောက်အကူပြုစေမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သင်တန်းအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ၎င်းနောက် သင်တန်းသူများနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားကာ ခင်းကျင်းပြသထားသော သင်တန်းအထောက်အကူပြု ပစ္စည်းများ နှင့် လက်တွေ့သင်ကြားပြသနေမှုတို့အား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါသီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအား ဇူလိုင်လ(၂၇)ရက်နေ့မှ (၃၁)နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား/သူ(၁၅)ဦး တက်ရောက် ကာ သင်တန်းနည်းပြများမှ ဒေသထွက်သီးနှံကုန်ကြမ်းများအပေါ် အခြေခံ၍ ရာသီအလိုက် ရရှိနိုင်သည့် ခရမ်းချဉ်သီး၊ သရက်သီး၊ မရမ်းသီး၊ သံပုရာသီး၊ သင်္ဘောသီးနှင့် နာနတ်သီး စသည့်သီးနှံများကို တန်ဖိုးမြှင့်စားသောက်ကုန်များဖြစ်သည့် ယိုနှင့်ဖျော်ရည်များအဖြစ် ပြုလုပ်နည်းများအပြင် ခရမ်းချဉ်သီးဆော့စ်၊ ဂျယ်လီနှင့်ပြောင်းဖူးပေါက်ပေါက် ပြုလုပ်နည်းများကို လည်း ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)