လှိုင်းဘွဲ ဇူလိုင် ၂၇
ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ် ဒိုင်းပြကုန်းကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မျိုးစေ့ဌာနခွဲ တာဝန်ခံ ဦးခင်မောင်ကြည်၊ ပြည်နယ် မြေအသုံးချရေးတာဝန်ခံ ဒေါ်သင်းသင်းချို၊ ခရိုင် မြေအသုံးရေးတာဝန်ခံ ဒေါ်ကြည်ကြည်ဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက မိုးစပါး စိုက်ပျိုးကြမည့် တောင်သူများအား မိုးစပါး(ဆင်းသုခမျိုးစပါး) RS-CS မျိုးစေ့ထုတ်စိုက်ခင်းများ ဆားရေစိမ် စိုက်ပျိုးနည်းစနစ်ကို လက်တွေ့ပညာပေးသရုပ်ပြသပွဲကို ယနေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
မျိုးစပါးများကို ဆားရေစိမ်နည်းအဆင့်ဆင့်မှာ ဆားဖျော်ရည်အောက် နစ်မြုပ်နေသောအောင်မြင်သည့် မျိုးစပါးစေ့များကို ဆားရည်စင်ကြယ်သည့်တိုင်အောင် သန့်စင်သောရေဖြင့် သုံးကြိမ် ရေဆေးရပြီးနောက် ရေ ကောင်း၊ရေသန့်တွင် (၂၄)နာရီရေစိမ်ရပြီး(၆)နာရီလျှင် တစ်ကြိမ် ရေဟောင်းကိုသွန်၍ ရေသန့်ဖြင့် လဲလှယ်ပေးရပြီးနောက် ရေဆေးပြီး မျိုးစပါးများကို အညှောင့်ဖောက်ရန်အတွက်သမံသလင်း၊ဝါးကြမ်းခင်း၊ ကွပ်ပျစ်တို့ပေါ်တွင် အောက်ခံအစိုဓါတ်ရရှိရန် ငှက်ပျောရွက် (သို့မဟုတ်) အင်ဖက်ကို အောက်ခံအဖြင့် ခင်းပေးပြီးနောက် မျိုးစပါးအား တစ်မိုက်(သို့မဟုတ်) ၆လက်မခန့်အထူထား၍ ဖြန့်ခင်းရကြောင်း၊ မျိုးစပါးစေ့ပေါ်တွင် သန့်စင်ထားသော မိုးကာစဖြင့် လုံအောင်ဖုံးအုပ်ပြီးနောက် အစိုဓါတ်မပြတ်ရရှိစေရန် (၁၂)နာရီလျှင် တစ်ကြိမ်ခန့် အထက်အောက်မွှေပေးရန်နှင့် မွှေနေစဉ် ရေဖျန်းပေးရကြောင်း၊ ပြင်ပအပူချိန်နှင့် စပါးစေ့အတွင်း အစိုဓါတ် ရရှိမှုအပေါ် မူတည်၍ တစ်ရက်ခွဲ (၃၆) နာရီအတွင်း စာပါးစပ်ကဲ့သို့ အညှေင့်များ ပြူထွက်လာမည်ဖြစ်ပြီး ထိုအခြေအနေသည် ပျိုးထောင်ရန်အတွက် အသင့်တော်ဆုံး အချိန်ဖြစ်ကြောင်း လက်တွေ့သရုပ်ပြသ၍ တောင်သူများအား ပြည်နယ် မျိုးစေ့တာဝန်ခံ ဦးခင်မောင်ကြည်က ရှင်းပြပေးခဲ့သည်။
မျိုးစပါးများကို ဆားရည်စိမ်ပြီးနောက် မျိုးအညှောင့်ဖောက်ပျိုးထောင်ခြင်း၏ အကျိုးကျေးဇူးများမှာ မျိုးစပါးများတွင် ကပ်ပါနေသည့် ပိုးမွှားများကင်းစင်ပြီး ကျန်းမာသန်စွမ်းသည့် ပျိုးပင်များရရှိနိုင်စေရန်အတွက်ဖြစ်ကြောင်း ပြည်နယ်မျိုးစေ့ဌာနခွဲ တာဝန်ခံထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)