သာယာဝတီ ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရွာကြီးကုန်း ရပ်ကွက် မူလွန်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် သာယာဝတီခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာက သဘာဝဘေးအန္တရာယ်များဖြစ်သော လေပြင်း၊ လေပြင်းမုန်တိုင်း၊ လေဆင် နှာမောင်းများ တိုက်ခတ်လာချိန်တွင် ရှောင်ကျဥ်ရမည့်အချက်များ၊ လိုက်နာရမည့်အချက်များ ၊ မိုးရေကြီး၍မြေပြိုမှုဖြစ်ပေါ်လာလျှင် လိုက်နာရမည့်အချက်များ၊ ရှောင်ကျဥ်ရမည့်အချက်များ နှင့်ပတ်သက်၍လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲ ဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ လေဘေး၊ လျှပ်စီးမိုးကြိုးဘေး စသည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများအား အသိပညာပေးဟောပြောသည်။
ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စုမြတ်သန္တာဖွေးက ပလတ်စတစ်ဆိုတာဘာလဲ၊ ပလတ်စတစ်ဆိုတာ ဘယ်အရာကနေ ပြုပြင်ထုတ်လုပ် ထားမှုများ ၊ မိုက်ခရိုပလတ်စတစ်အကြောင်း၊ မိုက်ခရိုပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာနိုင်မည့် ကျန်းမာရေး အခြေအနေများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏အန္တရာယ်များနှင့် ဆိုးကျိုးများ၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းထွက်ရှိမှု လျော့နည်းအောင်လျော့ချနိုင်တဲ့ နည်းလမ်း(၅)သွယ်၊ လျော့ချနိုင်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ စသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောသည်။
အခမ်းအနားသို့ ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာ နှင့်ဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စုမြတ်သန္တာဖွေး နှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော်