မင်းဘူး ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာများ၊ (Book Club) အဖွဲ့ဝင်များနှင့် စာရေးဆရာမ ခင်စောတင့်ရေးသားသော စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စာပေများ ဖတ်ရှုရခြင်းကြောင့် အနှစ်သာရနှင့် အကျိုးကျေးဇူးများ၊ Online မှ စာဖတ်ဝိုင်းနှင့် စာပေဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းဖြင့် လူအများ စာပေအပေါ် စိတ်ဝင်စားလာပြီး စာအုပ်၊ စာပေများကို ဖတ်ချင်စိတ်များ ဖြစ်ပေါ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာကြီး ဦးကျော်စိန်းဝင်းက စာရေးဆရာမ ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်များ စာအုပ်မှ လမ်းလျှောက် ထွက်ကြမယ်၊ စာရေးဆရာကြီး ဦးဝင်းချိုက စွန့်စားမှုဆီသို့ ခြေတစ်လှမ်း၊ ဆရာကြီး ဦးလှတိုးက ကြင်နာတတ်တဲ့ ဖေဖေနဲ့မေမေ၊ ဆရာမကြီး ဒေါ်မိုးဆွေက လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား ခေါင်းစဉ်များဖြင့် ဆွေးနွေးကာ မင်းဘူးခရိုင် ပြန်/ဆက် ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ကျွန်မတို့ ဌာနအနေနဲ့ စာရေးဆရာများ၊ Book Club ၊ Youth Club၊ Women Club များနဲ့ပါ စာဖတ်ဝိုင်းများ မကြာခဏ ပြုလုပ်သွားမှာဖြစ်ကြောင်း ဒါမှ စာပေဆွေးနွေးပွဲများမှ ရရှိလာမည့် အကျိုးကျေးဇူးများနဲ့ Online မှ ကြည့်ရှုကြသော စာပေဝါသနာရှင်များ စိတ်ပါ ဝင်စားလာမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာပေဆွေးနွေးပွဲသို့ စာရေးဆရာများနှင့် (Book Club) အဖွဲ့ဝင် ၁၂ ဦးတက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးဝင်းနိုင်