အုတ်တွင်း ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦး စီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကိုယနေ့နံနက်ပိုင်းက ဗောဓိကုန်း အ.ထ.က၌ အသိပညာပေးဟောပြောပွဲပြုလုပ်သည်။
ဦးစွာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီရွှေက ကလေးသူငယ် အခွင့်အရေး၊ပြဌာန်းချက်၊ဥပဒေ၊နည်းဥပဒေများကို ကလေးများကိုယ်တိုင်သိရှိနားလည်နိုင် စေရန်နှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရန်၊ ကလေးများ၏အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးများအား ဥပဒေအရသတ်မှတ်ပြဌာန်းထားသည်နှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ပေးရန်၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှုအခွင့်အလမ်းများကို ခွဲခြားဆက်ဆံမှုမရှိစေဘဲ တန်းတူရရှိနိုင်စေရန်၊ ကလေးသူငယ်ဥပဒေပါအခွင့်အရေးများအား ကလေးသူငယ်များအရေးကိုဖော်ဆောင်နေကြသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီသည် ကလေးသူငယ်များ၏အခွင့်အရေး (၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နဲ့ ပါဝင်ဆောင်ရွက်ခွင့်များရရှိရေး ဆောင်ရွက်ရန်တာဝန်ရှိသကဲ့သို့ အကောင် အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းများ ဆောင်ရွက်ရန်တာဝန်ရှိသည့်အတွက် ယခုအသိပညာပေးအစီအစဉ်မှ ကလေးများ၏ အခွင့်အရေးများကိုသိရှိပြီး မိမိတို့ကိုယ်တိုင်လိုက်နာရမည့် ကျင့်ဝတ်များ၊ စည်းကမ်းများ၊ ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးခံရခြင်းတို့နှင့်ပတ်သက်၍ အသိပညာများကို သိရှိမည်ဖြစ်ပြီး ရှောင်ရှားရမည့်အချက်များကိုလည်း သိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းအကြောင်းအရာများနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်အချက်များကို လက်တွေ့သရုပ်ပြရှင်းလင်း ပြောကြားပြီးနောက် အသိပညာပေးဟော ပြောပွဲသို့တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် Grade-8, Grade -10 နှင့် Grade 11မှ ကျောင်းသား ကျောင်းသူ ဦးရေ ၂၅၀အား ငလျင်ဘေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ ဆက်)