ဖောင်းပြင် ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဝက်မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် ဝက်စာအိတ်များကို မန္တလေးမြို့မှ တစ်ဆင့် ရေလမ်း၊ ကုန်လမ်းတို့မှ သယ်ယူ၍မွေးမြူရေးကို အစဉ်တစိုက် လုပ်ကိုင်လာကြရာမှ လမ်းခရီးမကြာခဏပိတ်ဆို့မှုများကြောင့် ဝက်စာအိတ်များ ပြတ်လပ် ကာ မွေးမြူရေးလုပ်ကိုင် ရာတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်သူ ဦးမျိုးသိန်းထံမှ သိရသည်။
“ဝက်မွေးမြူရေးက မိသားစုစားဝတ်နေရေးအပြင် စီးပွားရေးအတွက်အဆင်ပြေပါတယ်။ အဓိကတော့ အစာအိတ်ကို အလွယ်တကူဝယ်လို့ သယ်လို့ရနိုင်ရင် စီးပွားဖြစ်များများ မွေးနိုင်ပါတယ်။ လက်ရှိမှာက ရေလမ်းရော၊ ကုန်လမ်းရောက မကြာခဏပိတ်နေတော့ အစာအိတ်ပြတ် တာတေ ရှိနေတယ်။ အဲ့ဒီအတွက် မွေးရင်တောင်အကောင်အရေအတွက်ကို အများကြီးမွေးလို့ အဆင်မပြေ နိုင်တော့ဘူး” ဟု ၎င်းက ပြောပြ သည်။
မွေးမြူရေးလုပ်ကိုင်ရာတွင် ဒေသဝက်နှင့် CP ဝက်တို့ကို မွေးမြူကြပြီး ဒေသဝက်အား ဖွဲနု၊ ဖွဲကြမ်းနှင့် ဆန်ကွဲတို့ကို ကျွေးမွေးကြကာ လကြာ ရှည်စွာ မွေးမြူကြကြောင်း၊ CP ဝက်အား မွေးမြူရေးအစာကို ကျွေးမွေးကြပြီး မွေးမြူသည့် ကာလ(၄)လဝန်းကျင်တွင် ဈေးကွက်သို့ ရောက်ရှိ ကြောင်း သိရသည်။
ဝက်ဈေးကောင်းမွန်ပြီး ဈေးကောင်းရရှိသဖြင့် မွေးမြူရေးကိုတွင် ကျယ်စွာလုပ်ကိုင်လိုကြသော်လည်း ဝက်စာအိတ်များ မကြာခဏ ပြတ်လပ် နေခြင်းကြောင့် အကောင်အရေအတွက် လျှော့ချကာ မွေးမြူနေ ရကြောင်း မွေးမြူရေးလုပ်ကိုင်သူ ဦးမျိုးသိန်း၏ ပြောကြားချက်အရ သိရသည်။
ကိုထွန်း(ဖောင်းပြင်)