ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ

ပုသိမ် ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံများသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်သည့် စက်ရုံအလုပ်ရုံများတွင် ရင်းနှီးမြှုပ်နှံများ ဆောင်ရွက်လုပ်ကိုင်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုများ မရှိစေရေးအတွက်ဆွေးနွေးခဲ့ပြီး ကုမ္ပဏီများအနေဖြင့် အတည်ပြုမိန့်သဘောတူညီမှုများ ရရှိ၍ မြေပြင်တွင် လုပ်ငန်းများဆောင်ရွက်သောအခါ  ပတ်ဝန်းကျင် အကြံပြုချက်များနှင့်ပတ်သက်၍  အကောင်အထည်ဖော်သည့်သူများရှိသကဲ့သို့ အပြည့်အဝလိုက်နာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊  စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးအတွက် လမ်းညွှန်အကြံပြုချက်များအပေါ် အလေးထား လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုး၊ မွေးမြူရေး တိုင်းဒေသကြီးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စားရေရိက္ခာဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ အချို့သည် လုပ်ငန်းဆောင်ရွက်မှု တိုးတက်မှုရှိသကဲ့သို့ အချို့လုပ်ငန်းများသည် တိုးတက်မှုနှေးကွေးသည်ကို တွေ့ရှိရပြီး လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုပါကြောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဝင်များအနေဖြင့်လည်း လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေး ပေးကြ စေလိုကြောင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက Shwe Zabar Myanmar Company Limited ၏ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အရောင်တင်ခြင်း၊ ရောင်းချခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စ၊ Resilient Power & Energy Company Limited ၏ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် နေစွမ်းအင်ကိုအသုံးပြု၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စ၊ Shwe Wah Nadi Agriculture Production Company Limited ၏ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စနှင့် ဆန်ကြိတ်ခွဲ ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်း၏စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ၊ Htoo Htet Han Co., Ltdမှ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဝက်မွေးမြူရောင်းချခြင်းလုပ်ငန်းအား စုစုပေါင်းရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးမြှင့် ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စတို့အား ဆွေးနွေးတင်ပြခဲ့ပြီးနောက်  တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေးတင်ပြချက်များနှင့် ကုမ္ပဏီများ၏ လျှောက်ထားတင်ပြမှုများအပေါ်  တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)