တနင်္သာရီမြို့နယ်၌ မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တနင်္သာရီ ဇူလိုင် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ(၁၇)ရွာ၏ (၁၇)ယူနစ်နှင့် ပတ်သက်၍ မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးမင်းအောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သူဇာမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲ/ပြဿနာများကို ပေါင်းစပ်ညှိနှိုင်းသွားကြရန် အဖွင့်အမှာစကားပြောကြားသည်။    

ထို့နောက် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သူဇာမိုးက မြို့နယ်အတွင်း (၂၀၁၄-၂၀၁၅ မှ ၂၀၂၀-၂၀၂၁) ခုဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ထားရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ(၁၇)ရွာ၏ (၁၇)ယူနစ်နှင့် ပတ်သက်၍ ကျေးရွာတစ်ရွာချင်းအလိုက် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ပြဿနာများကို ချပြရှင်းလင်းတင်ပြပေးသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များက စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲ၊ ပြဿနာနှင့် အားသာချက်၊ အားနည်းချက်များကို အပြန်အလှန်အကြံပြုဆွေးနွေး‌ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)