ကြံခင်း ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များကို မြို့နယ်အတွင်းရှိ ပြည်သူများဈေးနှုန်း မှန်ကန်ချိုသာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ယနေ့ နံနက် (၇) နာရီအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်း၊ အာဇာနည်ကျောက်တိုင်ကွင်းအတွင်း ရောင်းချပေးကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်တစ်ပြည် (၃၀၀၀) ကျပ်၊ ဆီတစ်ပိသာ (၅၀၀၀) ကျပ်၊ ကြက်သားတစ်ပိသာ (၁၀၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၀၀) ကျပ်နှုန်းနှင့် ဟင်းသီး၊ ဟင်းရွက်များစသော အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးကြောင်းနှင့် မြန်အောင်ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများကလည်း ငါးမြစ်ချင်းတစ်ပိသာလျှင် (၅၀၀၀) ကျပ်ဖြင့် လာရောက်ရောင်းချပေးကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်း အခြေခံစားသောက်ကုန်များအား အခွန်လွတ်ဈေးဖွင့်လှစ်ရောင်းချပေးခြင်းကို (နေ့စဉ်) နံနက်တိုင်း ဖွင့်လှစ်ရောင်းချပေးကြောင်းနှင့် (အပတ်စဉ်) ဗုဒ္ဓဟူးနေ့တိုင်း ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများနေထိုင်သော ရပ်ကွက်နှင့်လမ်းများသို့ ဈေးကားဖြင့် လှည့်လည်ရောင်းချပေးကြောင်း မြို့နယ်စည်ပင်သာယာရေးမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ် (ပြန်/ဆက်)