ဒေးဒရဲ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်(၁၂)နာရီက တော်ချိုက်ကျေးရွာအုပ်စု၊ တော်ပေါင်စိန်ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ မွန်းလွဲ (၁)နာရီခွဲတွင် ရှမ်းကန်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ ဘုရားတန်းဆောင်းတော်တို့တွင် ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မိမိကျေးရွာအတွင်းရှိ ပြည်သူများလူမှုစီးပွားဘဝများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိရပ်ရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးခဲ့ပြီး အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦးက ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ ရပ်ကွက်၊ ကျေးရွာလုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးခဲ့ရာ ကျေးရွာများ သန့်ရှင်းသာယာရေးလုပ်ငန်းများ၊ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဒေသရှိ တောင်သူများ တစ်ဧကစပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် မိုးစပါးစိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေးနေမှုများ၊ ပညာရေး၊ ကျန်းမာရေးစသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများအခက်အခဲများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း