မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၃
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်လျက်ရှိရာ ယနေ့အ ချိန်အထိ ကူးစက်ခံရသူ Positive လူနာ ၁၂ ရှိပြီး ၁ ဦးမှာ ကျန်းမာစွာဖြင့် မြို့နယ်ကုတင် (၁၀၀) ဆေးရုံကြီးမှ ဆင်းခွင့်ရရှိပြီးဖြစ်သည်။
ထိုကြောင့် ဆက်လက်ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့ နေ့လယ် ၁၂ အချိန်က မြို့အဝင်စစ်ဆေးရေးဂိတ်၌ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ မြို့နယ်အတွင်းသို့ဝင် ရောက်လာသူများအား ခရီးသွားထောက်ခံများ စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ မြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ခရီးသွား ထောက်ခံစာများစစ်ဆေးခြင်း၊ နှာခေါင်း စည်းများ စနစ်တကျ တပ်ဆင်စေရေး ကြပ်မတ် စစ်ဆေးခဲ့ပြီး လူအများစုဝေးရာနေရာများသို့ မသွားရန်၊ မဖြစ်မနေပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ ပြင်ပသို့ပြန်လာပြီးတိုင်းလက်ကို စနစ်တကျဆေးကြောရန်၊ ပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် အသိပညာပေးကြေညာချက်များအား မြို့နယ်အတွင်း နေ့စဉ်လှည့်လည်ကြေညာခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)