ဘိုကလေး ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်အတွင်း တည်ထားကိုးကွယ်တော်မူခဲ့သည့် နှစ်ပေါင်း (၁၁၃) နှစ်ကျော်ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မြစိမ်းရောင်ကြေးသွန်းဘုရားကြီးအား မူလကပူဇော်ထားရှိခဲ့သော မကိုဋ်၊ စလွယ်နှင့်နားကင်းတို့ကို မူလအတိုင်း ပြန်လည်ပူဇော်ထားရှိနိုင်ရေးအတွက် မြစိမ်းရောင်ဘုရားကြီးဂေါပကအဖွဲ့မှ ကြိုးပမ်ဆောင်ရွက်လျက်ရှိရာ ပြန်လည်ပူဇော်နိုင်ရေးအတွက် သာသနာ့အနွယ်ဝင် ရဟန်း၊ ရှင်၊ လူအပေါင်းတို့မှ တတ်အားသရွေ့ ဝိုင်းဝန်းလှူဒါန်းဆောင်ရွက်ခဲ့ကြပြီး ပူဇော်မည့်မကိုဋ်၊ စလွယ်နှင့်နားကင်းတို့အား ယနေ့နံနက်(၈)နာရီမှ စတင်ကာ ဂေါပကအဖွဲ့၏ ပင့်ဆောင်မှုဖြင့် မြို့တွင်းသို့ လှည့်လည် ပူဇော်ခံခဲ့သည်။
လှည့်လည်ပူဇော်ခံရာ မြို့တွင်းလမ်းကြောင်းတစ်လျှောက်၌ ဘုရားဒါယကာ/မများမှ ပူဇော်လှူဒါန်းမှုများဆောင်ရွက်ခဲ့ကြပြီး အဆိုပါ မကိုဋ်၊ စလွယ်နှင့်နားကင်းတို့အား ဇူလိုင် (၃၀) ရက်နေ့တွင် မြစိမ်းရောင်ဘုရားကြီးအား မူလအတိုင်း ပြန်လည်ဆပ်ကပ်၍ ကုသိုလ်ပြုဆောင်ရွက်မှုများ၊ လှူဒါန်းမှုများ အစုစုတို့အတွက် ရေစက်သွန်းချအမျှဝေမည် ဖြစ်ကြောင်း မြစိမ်းရောင်ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
မိုးစက် (ဘိုကလေး)