မြောင်းမြမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

မြောင်းမြ ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး‌၊ မြောင်းမြခရိုင်၊‌ မြောင်းမြမြို့တွင် မြောင်းမြခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်း၌ ယမန်နေ့နံနက် (၈:၀၀) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်ဇင်ဝင်းမော်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြောင်းမြမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက သင်တန်းတက်ရောက်ခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝေါဟာရများ၊ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစက်ဝန်း၊ သဘာဝဘေးအန္တရာယ်များအကြောင်း၊ ထိခိုက်ခံရလွယ်မှု ထိခိုက်နိုင်ခြေနှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ၊ ဘေးအန္တရာယ်နှင့်ဖွံဖြိုးရေးတို့ ဆက်စပ်နေမှု၊ ကြိုတင်သတိပေးချက်စနစ်ကို ခြုံငုံလေ့လာခြင်း၊ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊ အရေးပေါ်ဆက်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးပစ္စည်းဖြန့်ဝေပေးခြင်း၊ ရှေးဦးလူနာပြုစုခြင်း၊ သဘာဝဘေးအန္တရာယ်နှင့်ကျန်းမာရေးစသည့် သင်ခန်းစာများကို သင်ကြားပို့ချမည်ဖြစ်သည်။ သင်တန်းကို ဇူလိုင်လ (၂၆) ရက်နေ့မှ (၂၉) ရက်နေ့အထိ နံနက် (၉) နာရီမှ ညနေ (၄:၄၅) နာရီအထိ () ရက်ကြာပို့ချမှာ ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀)ဦး တက်ရောက်ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)