ကန်ကြီးထောင့် ဇူလိုင် ၂၆
မေးမြန်းသူ - ဒေါ်ဇင်မာဦး (မြို့နယ်ဦးစီးမှူး)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကန်ကြီးထောင့်မြို့နယ်
ဖြေကြားသူ - ဦးကျော်ဆွေ(မြို့နယ်ဦးစီးမှူး)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကန်ကြီးထောင့်မြို့နယ်
နိဒါန်း
မင်္ဂလာပါရှင့်၊ ယနေ့ နိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံသားပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးများမှ UID နံပါတ်များ ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိနေရပါတယ်ရှင်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိအောင် မေးခွန်းတစ်ချို့မေးခွင့်ပြုပါရှင်။
မေး - e-ID စနစ်ဆိုတာ ဘာကိုခေါ်တာလဲဆရာ။
ဖြေ - e-ID စနစ်ဆိုတာ ကျွန်တော်တို့ နိုင်ငံတွင်းနေထိုင်သူများကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေး အချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) များကို ကောက်ယူမှတ်ပုံတင်၍ UID နံပါတ်ဂဏန်း(၁၀)လုံး သတ်မှတ်ထုတ်ပေးခြင်းကို ခေါ်တာ ဖြစ်ပါတယ်ခင်ဗျာ။
မေး - e-ID စနစ်ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်ကိုလဲ သိလိုပါတယ်ရှင်။
ဖြေ - e-ID စနစ်ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများ၏ လူမှုစီးပွားရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျှင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique IDထုတ်ပေးရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါ ဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်အတွက် ဖြစ်ပါတယ်ခင်ဗျာ။
မေး - e-ID စနစ်အကောင်းအထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအဆင့်များကိုလည်း ရှင်းပြပေးပါဆရာ။
ဖြေ - e-ID စနစ်အကောင်းအထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအဆင့်များမှာ အဆင့်(၅)ဆင့်ရှိပြီး ပထမအဆင့်အနေဖြင့် ကိုယ်ရေးအချက်အလက်များကောက်ယူပြီး Database အတွင်းသို့ ထည့်သွင်းခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ ခြင်း၊ စိစစ်ခြင်းနှင့် Unique IDထုတ်ပေးခြင်း၊ တတိယအဆင့်အနေဖြင့် နိုင်ငံတကာ စံချိန်စံညွှန်း နှင့်အညီ ကတ်ပုံစံအလွတ်များ ထုတ်လုပ်ခြင်း၊ စတုတ္ထအဆင့်အနေဖြင့် ကတ်ပုံစံအလွတ်များတွင် ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်း၊ ပဥ္ဇမအဆင့်အနေဖြင့် e-ID စနစ် လုပ်ငန်းစဉ်အား ကြီးကြပ်ကွပ်ကဲခြင်းတို့ပဲဖြစ်ပါတယ်ခင်ဗျာ။
မေး - UID(Unique Identity) နံပါတ်ဆိုတာ ဘယ်လိုမျိုးပါလဲရှင့်။
ဖြေ - UID(Unique Identity) နံပါတ်ဆိုတာ ကွန်ပျူတာမှ မတူညီသည့် ဂဏန်း(၁၀)လုံးအား ထုတ်ပေးသည့် နံပါတ်ဖြစ်ပါတယ်ခင်ဗျာ။
မေး - အဲ့ဒီကတ်ကို ဘယ်လိုလူမျိုးတွေကို ထုတ်ပေးပါသလဲရှင်။
ဖြေ - UID(Unique Identity) ကတ်ကို နိုင်ငံသားဖြစ်ခြင်း/မဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ နိုင်ငံအတွင်း အသက်(၁၀)နှစ်နှင့် အထက်ရှိသူ
- နိုင်ငံသား
- ဧည့်နိုင်ငံသား
- နိုင်ငံသားပြုခွင့်ရသူ
- နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ရသူ(PR)
- ပြည်တွင်းအမြဲနေ အခွန်ဆောင် နိုင်ငံခြားသားများအပါအဝင် နိုင်ငံအတွင်း နေထိုင်သူ အားလုံးကို UID ကတ်ထုတ်ပေးမှာပါ ခင်ဗျာ။
မေး - Smart Card ကိုရော ထုတ်ပေးမှာလား ဆရာ။
ဖြေ - UID နံပါတ်ကိုင်ဆောင်သူများအနက် နိုင်ငံသားများနှင့် နိုင်ငံသားဖြစ်ရန် အရည်အချင်းရှိသူများအား National ID (NID) Smart Card ထုတ်ပေးခြင်းကို နောက်တစ်ဆင့် အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်ခင်ဗျာ။
မေး - UID နံပါတ်ထုတ်ပေးရာတွင် ဘယ်လိုအချက်တွေပါရှိ ပါသလဲရှင့်။
ဖြေ - UID နံပါတ်ထုတ်ပေးရာတွင်
- နိုင်ငံသားစိစစ်ရေးကတ်အမှတ်
- အမည်
- အဘအမည်
- မွေးသက္ကရာဇ်
- ကျား/မ
- သွေးအုပ်စု
- ဖုန်းနံပါတ်
- နေရပ်လိပ်စာ ….. စတဲ့ အချေက်အလက်တွေပါရှိပါတယ်ခင်ဗျာ။
မေး - e-ID စနစ်ဆောင်ရွက်ခြင်းကြောင့် မည်သည့်အကျိုးကျေးဇူးများရရှိပါလဲရှင့်။
ဖြေ - e-ID စနစ်ဆောင်ရွက်ခြင်းကြောင့်
- e-Govement Applicaion များနှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့် စနစ်တစ်ခုဖြစ်ပါတယ်။
- ပညာရေး
- ကျန်းမာရေး
- SIM ကတ်မှတ်ပုံတင်ခြင်း
- ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုများ
- နိုင်ငံကူးလက်မှတ်
- ပြည်ပအလုပ်အကိုင်သက်သေခံကတ်
- ယာဉ်မောင်းလိုင်စင် ……….. စသည့်ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူလျှင်မြန်စွာ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။
မေး - ကန်ကြီးထောင့်မြို့နယ်အနေနဲ့ ယခုလုပ်ငန်းကိုဘယ်အချိန်က စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ဆောင်ရွက်ပြီးစီးမှုအခြေအနေလေး သိလိုပါတယ်ဆရာ။
ဖြေ - ကျွန်တော်တို့ ကန်ကြီးထောင့်မြို့နယ်အနေနဲ့ ယခုလုပ်ငန်းကို ၁၈.၆.၂၀၂၃ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီးတော့ ယနေ့အထိ လူဦးရေ(၁၀၀၀)ကျော် ဆောင်ရွက်ပြီးဖြစ်ပါတယ်ခင်ဗျာ။
မေး - ယခုလို နိုင်ငံတစ်ဝန်းလုံးမှာ နေထိုင်ကြတဲ့ ပြည်သူများသိရှိအောင် ပြည့်ပြည့်စုံစုံ ပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်ရှင်။ ယနေ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဦ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနများအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအနေဖြင့် ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံသားတိုင်း UID နံပါတ်ရရှိအောင် သက်ဆိုင်ရာ မြို့နယ်များမှ သွားရောက်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်ရှင့်။
ဖြေ - ဟုတ်ကဲ့၊ ကျွန်တော်အနေနဲ့ကလဲ ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိ၊ သဘောပေါက်နားလည်အောင် ယခုလိုဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ရှိပါ ကြောင်းပြောကြားလိုပါတယ်ခင်ဗျာ။