တောင်ငူမြို့၊ ဆူးတပ်ကျေးရွာ၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း အသိပညာပေး သရုပ်ပြသ

တောင်ငူ  ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ဆူးတပ်ကျေးရွာတွင် ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှကြီးမှူး၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း အသိပညာပေး သရုပ်ပြသခြင်းကို ဆူးတပ်ကျေးရွာနေ တောင်သူ ဦးထွန်းကြည်၏ လယ်ယာမြေ (၃)ဧက၌ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးက ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအားဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ လုပ်သားအင်အားနည်းပါးခြင်းနှင့် သက်သောင့်​သက်သာစိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပိုမိုတိုးတက်ပြီးစီးခြင်း၊ ပင်ပွားနှုန်းကောင်းမွန်ပြီး စပါးအထွက်နှုန်းကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း တောင်သူလယ်သမားများအား အသိပညာပေးဆွေးနွေးသည်။

ထို့နောက် ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်မြင့်နိုင်၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထက်ထက်မင်း၊   မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဆူးတပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူလယ်သမားများက ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း အသိပညာပေး သရုပ်ပြသခြင်းကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ ဆက်)