ကျိုက်လတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ကျိုက်လတ် ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ကျုံလမုစခန်းနယ်မြေမှ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို  ယမန်နေ့နံနက်ပိုင်းက ကျိုက်လတ်မြို့နယ်၊ ကျုံလမုကျေးရွာ၊ ကျုံလမုဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃)ဦးထွန်းဆွေ၊ အတွင်းရေးမှူး ရဲမှူးစိန်လွင်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံတော်ရှေ့ဆက်သွားမည့်မူဝါဒ လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း၊ နိုင်ငံသားတိုင်း တာဝန်ရှိသည့် ဒို့တာဝန် အရေးသုံးပါးကို လေးစားလိုက်နာကြရန်၊ ကိုယ်ဝန်ဆောင်မိခင်များ မိမိကလေးများအား အထူးဂရုစိုက်ရန်၊ ကလေးငယ်များအား ကာကွယ်ဆေးများထိုးကြရန်၊ ကိုဗစ်- ၁၉ ကာကွယ်ဆေး ထပ်ဆောင်းဆေးများအား ထိုးနှံကြရန်၊ ယာဥ်စည်းကမ်းလမ်း စည်းကမ်းများနှင့်အညီ မော်တော်ယာဥ်၊ ဆိုင်ကယ်များ စနစ်တကျစီးနင်းကြရန်၊ မိမိနေအိမ်ပတ်ဝန်းကျင်သန့်ရှင်းရေး ရပ်ရွာရှိ ခြုံနွယ်များရှင်းလင်းရေး ကိစ္စများ၊ မလိုလားအပ်သောကိစ္စရပ်များ မြို့နယ်အတွင်း မဖြစ်ပွားစေရေး ဧည့်စာရင်းများစနစ်တကျတိုင်ကြားရန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စနစ်တကျ စိစစ်ဆောင်ရွက်ကြရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးမှုအခြေအနေ၊ အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆)ပြုလုပ်ပေးမှု အခြေအနေ၊ မြေပြင်လူဦးရေစာရင်းတိုက်ဆိုင် စိစစ် ပေးနေမှုအခြေအနေ၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်ပြီး ကျောင်းစာကို တစိုက်မတ်မတ် ကြိုးစားစေလိုကြောင်း၊ ရပ်ကွက်စာကြည့်တိုက်များတွင် ဗဟုသုတရမည့် စာအုပ်များထားရှိပြီး ဖတ်စေလိုကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်များကို တရားဝင်ထုတ်လွှင့်နေသည့် MRTV၊ MWDတို့ကို ကြည့်ရှုပါမှ အမှန်ကိုသိရှိမည်ဖြစ်ကြောင်း၊ တရားမဝင်ထုတ်လွှင့်နေသည့် သတင်းများကို ကြည့်ရှုပြီး လမ်းမှားမရောက်စေလိုကြောင်းနှင့်  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု အခြေအနေများ စသည်တို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများ က ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။

ကျိုက်လတ်(ပြန်/ဆက်)