ရေနံချောင်းတက္ကသိုလ်၌ မီးဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်သရုပ်ပြပွဲ ပြုလုပ်

ရေနံချောင်း ဇူလိုင် ၂၆

ရေနံချောင်းမြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တာရာယ် အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ် နည်းလက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရေနံချောင်း တက္ကသိုလ် ပတ္တမြားခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးစိုးမင်းဦးက မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်ကင်းဝေးစေရန် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးကာအပူခံဝတ်စုံဖြင့် မီးတောက်အတွင်း ဖြတ်သန်းသွား လာသရုပ်ပြခြင်း၊ Dry Chemical Powder မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်း သတ်သရုပ်ပြခြင်း၊ ဂတ်(စ်)အိုး မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ HNE ကျောလွယ်မီးငြှိမ်းသတ် ကိရိယာဖြင့် သရုပ်ပြခြင်း၊ ဆီကန်အား မီးကာစောင်ဖြင့် ဖုံးအုပ်သရုပ်ပြ ခြင်း၊ ဆီမီးလောင်မှုအား 3D Nozzle ဖြင့် မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ ရှာဖေွကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၄)ဦးက သဘာဝဘေးနှင့် ယာဉ်မတော်တဆမှုများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အသုံးပြု၍ သရုပ်ပြခြင်းတို့ကို ရေနံချောင်းတက္ကသိုလ်အားကစားကွင်းတွင် ပြုလုပ် ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ အချို့က လက်တွေ့လိုက်ပါစမ်းသပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် မေဂျာပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်(၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်