မကွေး ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သာသနာတော်နှစ် ၂၅၆၇၊ ကောဇာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆို လဆန်း(၉)ရက် ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး၊ မကွေးတပ်နယ်မှူး၊ တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝထ္ထုပစ္စည်းနှင့် သင်္ကန်းအစုံ(၁၀၅၈)စုံအား စုပေါင်း ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဆရာတော်သံဃာတော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး၊ မကွေးမြို့ ပြည်တော်သာကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပညာဝံသ (အဂ္ဂမဟာပဏ္ဍိတ)ဆရာတော်ကြီးထံ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ဆက်လက်၍ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်ကြီးနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုနောက် လှူဒါန်းမှူအစုစုတို့အား သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် ဖတ်ကြား ကြေညာကာ၊ မကွေးမြို့ မဟာဓမ္မိကာရာမတိုက် ပဓာနနာယက ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ) (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်)ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းနှင့် ပင့်ဖိတ်သည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဖြင့် ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်ညီညာ