ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ဟားခါး ဇူလိုင် ၂၆

ချင်းပြည်နယ်၊ ဟားခါးမြို့ဝန်းကျင်ဒေသနှင့် ဖလမ်းမြို့နယ်၊ ဇာလိုင်ကျေးရွာနှင့် လိုင်ဇိုကျေးရွာအကြား မြေပြိုတောင်ပြိုခဲ့မှုများနှင့် ပတ်သက်၍ အင်ဂျင်နီယာဘူမိဗေဒဆိုင်ရာ အစီရင်ခံစာပါ အချက်အလက်များအား စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့သောဝန်ထမ်းများ ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအနက် လုပ်ငန်းတာဝန်များကို စေတနာထား၍ ကြိုးပမ်းဆောင်ရွက်နေသော နိုင်ငံ့ဝန်ထမ်းများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ အသိအမှတ်ပြု ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ယနေ့ ပေးအပ် ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများသည် သက်ဆိုင်ရာဝန်ထမ်း၏ ကိုယ်ရေးမှတ်တမ်းတွင် ကောင်းမွန်သည့် မှတ်တမ်းဖြစ်စေရန် အတွက်သာမက ကျန်ဝန်ထမ်းများအတွက် အလားတူ ကြိုးပမ်း ဆောင်ရွက်လိုစိတ်ရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်းနှင့် ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် မိမိတို့၏ဌာနလုပ်ငန်းများကို ပိုင်ပိုင်နိုင်နိုင် နားလည်သဘောပေါက်ပြီး စေတနာအပြည့်၊ idea အသစ်ဖြင့် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက် ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် ချင်းပြည်နယ်ဝန်ကြီးချုပ်က ဟားခါးမြို့ဝန်းကျင်ဒေသနှင့် ဖလမ်းမြို့နယ် ဇာလိုင်ကျေးရွာနှင့် လိုင်ဇိုကျေးရွာအကြား မြေပြိုတောင်ပြိုခဲ့မှုများနှင့်ပတ်သက်၍ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ အစီရင်ခံစာပါ အချက်အလက်များအား စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့သော ချင်းပြည်နယ်သတ္တုတွင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဝင်းအား ချီးမြှင့်ငွေ ကျပ်သုံးသိန်းနှင့် ဂုဏ်ပြုလွှာကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးရန်အောင်မိုးအား ချီးမြှင့်ငွေကျပ် နှစ်သိန်းနှင့် ဂုဏ်ပြုလွှာကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး ချင်းပြည်နယ် သတ္တုတွင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆက်လက်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်က ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူ အများစုနေထိုင်သည့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ တက်ရောက် လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးတင်ပြပေးစေလိုကြောင်း အမှာစကား ပြောကြားသည်။   

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပညာရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမားရေး/ ကုသရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့မှ ပြည်နယ်ဦးစီးမှူးများက ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်သည် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်းရေးဖြစ်သဖြင့် ဖောက်လုပ်ထားပြီး ဖြစ်သည့် ကျေးရွာချင်းဆက်လမ်းများအားလုံး မြေပြိုမှုကြောင့် မြေပြင်အမှန်တကယ်အသုံးပြုနိုင်မှု မရှိသည့်လမ်းများ မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အနီးကပ်ကြပ်မတ်ဆောင်ရွက် ရန်လိုကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအတွက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စနစ်တကျ ပြုစုထားရန်လိုကြောင်း အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်စီမံကိန်းဦးစီးဌာနနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းလျာထား ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရသည့်လုပ်ငန်းစဉ်ကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)