ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ တစ်ဧကကောက်ကွက်ပြည့်မီရေး ကွင်းဆင်းကြည့်ရှုအားပေး

ကမမောင်း ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ တစ်ဧက ကောက်ကွက်ပြည့်မီရေး ကွင်းဆင်းကြည့်ရှုအားပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကမမောင်းမြို့ မိဇိုင်းကျေးရွာအုပ်စုရှိ    တောင်သူဦးရာပေါ့ စပါးစိုက်ခင်း၌ ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

ထို့သို ကွင်းဆင်းကြည့်ရှု့ရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူး၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး၊   မြို့နယ်သမဝါယမဦးစီးဌာနဦးစီးမှူး၊ ကမ မောင်းမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကမမောင်းမြို့တွင် တစ်ဧက (၁၃၀၀၀၀) ခန့်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို အချိုးကျ ပေါင်းစပ်သုံးစွဲရေး၊ တန်းကြားပင်ကြား (၈x၈)လက်မတန်းကြား၊ ပင်ကြားစနစ်ဖြင့် ကြိုးတန်းဆွဲ၍ တစ်ဧကကောက်ကွက် ၁ သိန်းမှ ၁သိန်းသုံး သောင်းပြည့်မီ အောင် စိုက်ပျိုးရေး၊ ပျိုးပင်သက်တမ်းနုနုကို ချက်ချင်းနုတ်၍ ချက်ချင်း စိုက်ပျိုးရန်၊ ပျိုးပင်အစည်းများကို တင်းကျပ်စွာ စည်းနှောင်ခြင်း မပြုရန်၊ ပေါင်းမြက်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ ပိုးမွှားရောဂါ ကာကွယ်ခြင်းလုပ်ငန်းများကိုလည်း စိုက်ပျိုး ရေးဦးစီးဌာနအား အသိပေး၍ ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် စပါးသီးနှံများ ၈၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်း ရင့်မှည့်သည့် မောင်းညို ကာလတွင် စပါးပင်များအား စနစ်တကျ ရိတ်သိမ်း ခြွေလှေ့ရန်၊ စသည့်စပါးအထွက်တိုးစေမည့်နည်းလမ်းများကို စနစ်တကျ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဖာပွန်ခရိုင်အတွင်းရှိ မိုးစပါးစိုက်ဧက (၁၆၆၃၈)ဧက စိုက်ပျိုးရန် လျာထားပြီး ဇူလိုင်လ ၁၅ ရက်နေ့အထိ မိုးစပါးစိုက်ဧက (၄၂၁၅) ဧကအား စိုက်ပျိုးနိုင်ပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန့်ဇင်(ကမမောင်းပြန်/ဆက်)