ဘုတ်ပြင်း ဇူလိုင် ၂၆
၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ အုန်းတောကမ်းကျေးရွာအုပ်စု နီပါးကျေးရွာ အနီးကမ်းခြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်ဌေးက အမျိုးသမီးရေးရာ အဖွဲ့ကိုလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ကျော်အောင်က မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ဝင်းက မြို့နယ်မီးသတ်ဦးစီးဌာနကို လည်းကောင်း စိုက်ပျိုးမည့်ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက ဗြူးခြေထောက်ပျိုးပင် (၃၀၀)ပင်၊ ဗြူးအုပ်ဆောင်းပျိုးပင် (၄၈၀) ပင် စုစုပေါင်းပျိုးပင် (၇၈၀) ပင် တို့အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဘုတ်ပြင်း(ပြန်/ဆက်)