ဟင်္သာတ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းဝေးသို့ ဟင်္သာတခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပြီး အစည်းအဝေးတွင် ဟင်္သာတခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက "ဟင်္သာတခရိုင်အတွင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အား ဖွဲ့စည်းထားရှိပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာများရှိ လူကုန်တားတပ်ဖွဲ့များ အားလည်း လည်ပတ်အောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆင်းရဲသားရပ်ကွက်များတွင် လူကုန်ကူးမှုဖြစ်စဉ် ပိုမိုဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်အသိပေး ဆောင်ရွက် ကြရန်၊ ထွက်ပြေးတရားခံများရှိပါကလည်း အမြန်ဆုံးဖမ်းဆီးအရေးယူနိုင်ရေးအတွက် ချိတ်ဆက် သတင်းရယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူကုန်ကူးမှု အသိပညာပေး ဆွေးနွေးပွဲများအား သက်ဆိုင်ရာအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၁)လလျှင် (၁)ကြိမ်ခန့် ဆွေးနွေးဟောပြော ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ မော်တော်ယာဉ် လိုင်းများမှ တစ်ဆင့် လူကုန်ကူးဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် လိုက်လံစစ်ဆေးသည့် အခါများတွင် မော်တော်ယာဉ်လိုင်း များမှ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဟင်္သာတခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ခရိုင် ရဲတပ်ဖွဲ့မှူး၊ အတွင်းရေးမှူး ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်မှူးတို့က လူကုန်ကူးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် ခရိုင်လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များက လူကုန်ကူးမှု ကာကွယ်တားဆီးရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများတွင် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပြီး ဟင်္သာတခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)