ဆိပ်ဖြူ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်နံရံကပ်ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဆိပ်ဖြူ (အ.ထ.က)ကျောင်း နဝရတ်ခန်းမတွင်ဆောင်ရွက်သည်။
အဆိုပါအသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ် ပညာရေးမှူးရုံးနှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ခြင်းအလေ့အကျင့် ကောင်းများရရှိနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး၊ ၎င်းအခမ်းအနားကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ဆိပ်ဖြူ (အ.ထ.က)ကျောင်းအုပ်ဆရာကြီးနှင့်ဆရာဆရာမများ အခြေခံပညာအထက် တန်းအဆင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးက လူငယ်အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကိုပြောကြားပေးပြီး၊ မြို့နယ် ပညာရေးမှူး ဦးမြင့်ဦးက လူငယ်လူရွယ်များ၌ ထားရှိရမည့် စိတ်နေသဘောထားအကြောင်း အရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်က လူငယ်လူရွယ်များသိသင့်သိထိုက်သော မူးယစ်ဆေးဝါးအကြောင်းအရာများနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုး အန္တရာယ်များအကြောင်း၊ မြို့နယ် ဥပဒေအရာရှိ ဒေါ်ထူးမြတ်သူဇာက လူငယ်လူရွယ်များသိသင့်သိထိုက်သော ဥပဒေအကြောင်း အရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နန္ဒာလှိုင်က လူငယ်နှင့်စာရိတ္တအကြောင်းအရာနှင့် စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများအကြောင်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများဖြစ်သည့် ဦးသန်းလွင်နှင့် ဦးကြည်ထွန်းတို့က မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းဓလေ့နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးများကို အသီးသီး ဟောပြောပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများအတွက် စာအုပ် စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ သွေးလွန် တုပ်ကွေးရောဂါကာကွယ်ရေးအသိပညာပေး နံရံကပ်၊ ဓာတ်ပုံများ ကြည့်ရှုလေ့လာခဲ့ပြီး ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်၊ ဓာတ်ပုံများ လေ့လာကြည့်ရှုအားပေးမှုတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)