စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဒေါက်တာဇော်ဝင်း အရာတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံ

အရာတော်  အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက အရာတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ မြို့နယ် အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်‌ရေး ကော်မတီဝင် များနှင့် တွေ့ဆုံပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်ချုပ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းက ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိလူနာနများအား ကျန်းမာရေး စောင့် ရှောက်ပေးနေမှုများနှင့် မြို့နယ်အတွင်း ပြည်သူများအား ရောဂါကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်း ရှေ့တန်းတိုက်စစ်မှူးများ၊ ဌာနဆိုင်ရာ များနှင့် စေတနာ့ဝန်ထမ်းများအား ရောဂါကူးစက်ခံရမှု မရှိစေရေး အကာအကွယ်များဖြင့် သတိထားဆောင်ရွက်ရန်၊ လိုအပ်ချက်များရှိပါက တင်ပြတောင်းခံရန်၊ နယ်မြေပြင်ပမှ ပြန်လာ သူများအား ကန့်သတ်နေရာများတွင် ထားရှိနိုင်ရေးစီစဥ်ဆောင်ရွက်ထားရန်၊ ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ၏ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီနေထိုင်ရေး အသိပေးစီစစ်အရေးယူရန်၊ မြို့အဝင် စစ်ဆေးရေးဂိတ်များမှနေ၍ အသွားအလာ ထိန်းချုပ် ဆောင်ရွက်ရေးတို့ကို အလေးထား ဆောင်ရွက်ရန်နှင့် မြို့မစျေးအတွင်းစျေးရောင်း စျေးဝယ် သူများကို စည်းကမ်းချက်နှင့်အညီ ရောင်းချဝယ်ယူစေပြီး လိုက်နာရန် ပျက်ကွက်သူများအား အရေးယူနိုင်ရေးတို့ကို ဆွေးနွေးမှာကြားရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ထွန်းနှင့် တာဝန်ရှိသူများက ရောဂါပိုး‌ တွေ့ရှိသူများကို ကျန်းမာရေး စောင့်ရှောက်နေ မှုများ၊ စားသောက်နေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေး နေမှုများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် မြို့နယ်ကျန်းမာရေး ဌာနအတွက် လိုအပ်ချက်များ ကို ပြန်လည်တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် လူမှုရေးဝန်ကြီးနှင့် အရာတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏတို့က မြို့နယ်ကျန်းမာရေးဌာန ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံ ၁၀ စုံ၊ (Surgical ground) ၅ စုံ၊ (Apron) ၅ စုံနှင့် face shief များ၊ လူမှုကူညီရေး စေတနာ့ ဝန်ထမ်းများအတွက် (NON Medical Grade) ၁၀ စုံတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မိုးဝေနှင့် တာဝန်ရှိသူများက  လက်ခံရယူခဲ့ကြောင်း သိရသည်။

နွယ်နီမြင့်