မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြော နံရံကပ်စာစောင်များပြသ

အင်းတော် ဇူလိုင် ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၈ နာရီ အချိန်က အခြေခံပညာ မူလတန်းလွန်ကျောင်း ( အောင်မေတ္တာ ) ၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသူ/ကျောင်းသားများအား မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကို အခါအားလျှော်စွာ ပြသဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျောင်းသူ/ကျောင်းသားများ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိနားလည်ပြီး မူးယစ်ဆေးဝါး၏သားကောင်များအဖြစ်မှ ကင်းဝေးစေနိုင်ရေး၊ နိုင်ငံတော်၏အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်ရေးအတွက် ယခုကဲ့သို့ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟက ပြောပြခဲ့သည်။

ရှေးဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်မြင့်မြင့်စန်းကလူငယ်နှင့် အားကစားအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ကာ အားကစားပစ္စည်းများကို သက်ဆိုင်ရာကျောင်းအုပ်ကြီးထံသို့ ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျောင်းသူ/ကျောင်းသားများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ကျော်သီဟ (ပြန်/ဆက်)